ရွှေ့ပြောင်းလုပ်သားများအား ဗီဇာနှင့် အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းတိုးပေးသည့် ကာလကို ထိုင်းအလုပ်အကိုင်ဌာနမှ ရက်ထပ်တိုးပေးမည် မဟုတ်ဟု ငြင်းဆန်ခဲ့သည့်အတွက် ထိုင်းရောက် မြန်မာလုပ်သားများ အခက်အခဲကြုံ

ရွှေ့ပြောင်းလုပ်သားများအား ဗီဇာနှင့် အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းတိုးပေးသည့် ကာလကို ထိုင်းအလုပ်အကိုင်ဌာနမှ ရက်ထပ်တိုးပေးမည် မဟုတ်ဟု ငြင်းဆန်ခဲ့သည့်အတွက် ထိုင်းရောက် မြန်မာလုပ်သားများ အခက်အခဲကြုံ
Published 27 March 2018

ဗီဇာနှင့် အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းတိုးရန် စောင့်ဆိုင်းနေသည့် မြန်မာရွှေ့ပြောင်း လုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ-AAC)

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများအား ဗီဇာနှင့်အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းတိုးပေးသည့်ကာလ ကုန်ဆုံးရန် ရက်ပိုင်းမျှသာ လိုတော့ပြီး သိန်းနှင့်ချီသည့် အလုပ်သမားများ သက်တမ်းတိုးရန် ကျန်ရှိနေစဉ် ထိုင်းအလုပ်အကိုင်ဌာနမှ အချိန်ကာလကို ထပ်တိုးပေးမည် မဟုတ်ဟု ငြင်းဆန်ခဲ့ကြောင်း ထိုင်းအခြေစိုက် သတင်းများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထား ကိုင်ဆောင်ထားသည့် ရွှေ့ပြောင်းလုပ်သားများအတွက် ထိုင်းအစိုးရမှ  ဗီဇာနှင့် အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းတိုးခြင်း လုပ်ငန်းများကို ဖေဖော်ဝါရီ ၅ ရက်မှ မတ် ၃၁ ရက်အထိ OSS Data Entry စခန်းများတွင် လုပ်ဆောင်ပေးနေသော်လည်း ဝန်နှင့်အား မမျှမှုကြောင့် သက်တမ်းတိုးရခြင်း မရှိသေးသည့် အလုပ်သမား သိန်းနှင့်ချီ ကျန်ရှိနေသည်။ သို့သော် ထိုင်းအလုပ်အကိုင်ဌာနမှ ဗီဇာနှင့် အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းတိုးပေးသည့် အချိန်ကာလကို ထပ်တိုးပေးမည် မဟုတ်ဘဲ သတ်မှတ်ရက်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည့်အတွက် ရွှေ့ပြောင်းအလုပ်သမားများနှင့် လုပ်ငန်းရှင်များအနေဖြင့် အခက်တွေ့လျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံ မဟာချိုင်အခြေစိုက် AAC အဖွဲ့မှ ကိုရဲမင်း “အခုက အလုပ်သမားတွေအနေနဲ့ ဘယ်လိုမှ မမီတော့ဘူး။ သူတို့ သတ်မှတ်ထားတဲ့ရက်က ၄ ရက်လောက်ပဲ လိုတော့တာ။ သက်တမ်းမတိုးရသေးတဲ့ အလုပ်သမားတွေက သိန်းနဲ့ချီ ကျန်သေးတယ်။ တကယ်လို့ သက်တမ်းတိုးပေးတဲ့ ကာလကို ထပ်ပြီးမတိုးပေးဘူး ဆိုရင်တော့ ထိုင်းရဲတွေအကြိုက် ဖြစ်သွားမှာပဲ။ အလုပ်သမား အများအပြား ဖမ်းဆီးခံရမယ်။ နောက်တစ်ခုက ပွဲစားတွေအနေနဲ့ ခွင်တွေဖြစ်လာနိုင်တယ်။ ဗီဇာအတုတွေ၊ အလုပ်လုပ်ခွင့်ပါမစ် အတုတွေ လုပ်ပေးတာတွေ ဖြစ်လာနိုင်တယ်။ အလုပ်သမားတွေအနေနဲ့ အများကြီး ဒုက္ခရောက်သွားနိုင်ခြေ ရှိပါတယ်” ဟု မတ် ၂၆ ရက်က ပြောကြားသည်။

ထိုင်းရောက် မြန်မာလုပ်သားများ အနေဖြင့် ဗီဇာနှင့် အလုပ်လုပ်ခွင့် သက်တမ်းတိုးခြင်းကာလကို ထပ်မံတိုးပေးရန် လိုလားလျက်ရှိပြီး မြန်မာအစိုးရအနေဖြင့် ညှိနှိုင်းဆောင်ရွက် ပေးစေလိုကြောင်း ၎င်းကပြောကြားသည်။

“အဓိကပြဿနာက ထိုင်းအလုပ်သမား ဝန်ကြီးဌာနက သတ်မှတ်ပေးထားတဲ့ရက်က အရမ်းတိုပါတယ်။ နှစ်သန်းနီးပါးရှိတဲ့ အလုပ်သမားတွေအနေနဲ့ ဒီကာလတိုတိုလေးထဲမှာ ဗီဇာသက်တမ်းနဲ့ အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းတိုးဖို့ လုပ်ဆောင်ရတာ အချိန်မလုံလောက်ပါဘူး။ နှစ်နိုင်ငံအစိုးရအနေနဲ့ ဒီပြဿနာကို ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်” ဟု ထိုင်းရောက် ရွှေ့ပြောင်းလုပ်သား တစ်ဦးဖြစ်သူ ကိုနိုင်လင်းထက်က ပြောကြားသည်။

ထိုင်းရွှေ့ပြောင်း လုပ်သားများအဖွဲ့မှ ဗီဇာနှင့် အလုပ်လုပ်ခွင့် သက်တမ်းတိုးခြင်း အချိန်ကာလကို ထပ်တိုးပေးရန်အတွက် ပြီးခဲ့သည့် မတ် ၂၃ ရက်က ထိုင်းအလုပ်သမား ဝန်ကြီးဌာနသို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သော်လည်း ထိုင်းအလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Anurak Tossarat က အလုပ်သမား ဝန်ကြီးဌာန အနေဖြင့် ဗီဇာသက်တမ်းနှင့် အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းတိုးခြင်း လုပ်ငန်းကို ရက်ထပ်မံ တိုးပေးမည် မဟုတ်ကြောင်းနှင့် အလုပ်ရှင်နှင့် အလုပ်သမားများ အနေဖြင့် မှတ်ပုံတင်ခြင်းကို အချိန်ဆွဲခြင်းသည် ပြဿနာများ ရှည်လျားစေမည်ဟု ထိုင်းအခြေစိုက် The Nation သတင်းစာက ဖော်ပြထားသည်။

ထိုင်းနိုင်ငံ တစ်ဝန်းလုံးတွင် တရားဝင်ရောက်ရှိ အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းမြန်မာ လုပ်သားများမှာ နှစ်သန်းခန့် ရှိနိုင်မည် ဖြစ်ကြောင်း ခန့်မှန်းထားပြီး မြန်မာလုပ်သား သိန်းနှင့်ချီ အလုပ်လုပ်ခွင့်ပါမစ်နှင့် ဗီဇာသက်တမ်းတိုးခြင်း လုပ်ငန်းများကို လုပ်ဆောင်ရန် ကျန်ရှိနေပြီး ထိုင်းရဲတပ်ဖွဲ့ အနေဖြင့် သတ်မှတ်ရက်ဖြစ်သည့် မတ် ၃၁ ရက် ကုန်ဆုံးပါက ဥပဒေအရ ဖမ်းဆီးအရေးယူမည် ဖြစ်ကြောင်း သတိပေး ပြောဆိုထားသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန အနေဖြင့် အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းနှင့် ဗီဇာသက်တမ်းတိုးပေးသည့် သက်တမ်းကို ထပ်မံတိုးမြှင့်ပေးခြင်း မရှိသဖြင့် မြန်မာရွှေ့ပြောင်း လုပ်သားများမှာ ညအိပ်စောင့်ဆိုင်းပြီး သက်တမ်းတိုးခြင်းများကို ပြုလုပ်ခဲ့ရကြောင်း ထိုင်းရောက် မြန်မာလုပ်သားများနှင့် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။