ဒေါ်လာသန်း ၇၀၀ ကျော်မြှုပ်နှံမည့် Yoma Central စီမံကိန်း၏ The Peninsula Residences Yangon မှ အိမ်ရာများ စတင်ရောင်းချမည်ဖြစ်ကြောင်း ကြေညာ

ဒေါ်လာသန်း ၇၀၀ ကျော်မြှုပ်နှံမည့် Yoma Central စီမံကိန်း၏ The Peninsula Residences Yangon မှ အိမ်ရာများ စတင်ရောင်းချမည်ဖြစ်ကြောင်း ကြေညာ
Published 27 March 2018

The Peninsula Residences Yangon စီမံကိန်း ပါဝင်တည်ဆောက်မည့် မြန်မာ့မီးရထား ရုံးချုပ်ဟောင်းကို တွေ့ရစဉ်

ဒေါ်လာသန်း ၇၀၀ ကျော် မြှုပ်နှံမည့် Yoma Central စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော The Peninsula Resdnce Yangon မှ အိမ်ရာများ စတင်ရောင်းချမည်ဖြစ်ကြောင်း FMI က မတ် ၂၆ ရက်တွင် အသိပေးကြေညာချက် ထုတ်ပြန်သည်။

မြန်မာ့မီးရထားရုံးချုပ်ဟောင်းနေရာကို The Peninsula Residences Yangon အဖြစ် ဖော်ဆောင်မှုအတွက် Meeyahta Development Limited နှင့် Hongkong and Shanghai Hotels (HSH) တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ HSH သည် The Peninsula ဟိုတယ်များကို  ကိုယ်တိုင် စီမ ံအုပ်ချုပ် ပိုင်ဆိုင်သည့် သက်တမ်းရင့် ဟိုတယ်လုပ်ငန်းစုဖြစ်ပြီး Meeyahta Development Limited ကို မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းရှိ နာမည်ကြီး အမှတ်တံဆိပ်များဖြစ်သည့် Yoma Strategic မှ ၄၈ ရာခိုင်နှုန်း၊ FMI မှ ၁၂ ရာခိုင်နှုန်း၊ Mitsubishi ကုမ္ပဏီများမှ ရာခိုင်နှုန်း ၃၀၊ IFC မှ ငါးရာခိုင်နှုန်းနှင့် ADB မှ ငါးရာခိုင်နှုန်းတို့ဖြင့် အကျိုးတူပူးပေါင်းထားသည်။

“၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်လုပ်ငန်းတွေ အားလုံးပြီးဆုံးသွားချိန်မှာ Yoma Central စီမံကိန်းဟာ အိမ်ခြံမြေစီမံကိန်းတွေရဲ့ စံပြဖြစ်လာမှာဖြစ်ပါတယ်။  စီမံကိန်းအတွက် ဒေါ်လာသန်း ၇၀၀ ကျော်မြှုပ်နှံသွားမှာဖြစ်ပြီး အိမ်ခြံမြေကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရဲ့ အကြီးဆုံးစီမံကိန်းဖြစ်လာပါမယ” ဟု FMI ဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောကြားထားသည်။

အဆင့်မြင့် ဇိမ်ခံအိမ်ရာပေါင်း ၉၆ ခု ပါရှိလာမည်ဖြစ်သည့် The Peninsula Residences Yangon စီမံကိန်းသည် ၁၀ ဧက ကျယ်ဝန်းပြီး ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းဆုံရာ ရန်ကုန်မြို့ လယ်ရှိ Yoma Central စီမံကိန်းအတွင်း၌ တည်ရှိသည်။ The Peninsula Residences Yangon ကို မြန်မာ့ယဉ်ကျေးမှုအနုပညာနှင့် ရှေးဟောင်းလက်ရာများကို အခြေခံ၍ ကမ္ဘာ့ထိပ်တန်း ဒီဇိုင်းဗိသုကာပညာရှင်များက တည်ဆောက်သွားမည်ဖြစ်သည်။ စီမံကိန်းကို ၂၀၂၁ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးရန် ခန့်မှန်းထားပြီး မြန်မာနိုင်ငံတွင် မရှိဖူးသေးသည့် အရည်အသွေးနှင့် ခေတ်မီမှုကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ကြေညာထားသည်။

“လက်ရှိဈေးနှုန်းတော့ မသိရသေးပါ ဘူး” ဟု FMI မှ တာဝန်ရှိသူတစ်ဦးက မတ် ၂၆ ရက်တွင် ပြောကြားသည်။

ရန်ကုန်မြို့ရှိ သက်တမ်းအရှည်ဆုံးနှင့် နာမည်အကြီးဆုံး ကိုလိုနီခေတ် အဆောက်အအုံဖြစ်သည့် ယခင်မီးရထားရုံးချုပ်နေရာကို ပြန်လည်ပြုပြင်တည်ဆောက်သွားမည့် The Peninsula Residences Yangon ၌  The Peninsula Yangon အမည်ရှိ ကမ္ဘာ့အဆင့်မီ အဆင့်မြင့်ဟိုတယ်နှင့်အတူ Yoma Central ၏ စုပေါင်းအိမ်ရာ တည်ဆောက်ရေးတွင် ပါဝင်သည့်အပြင် Grade A အဆင့်ရှိ ရုံးခန်းများပါရှိသော တာဝါနှစ်ခုနှင့် စီပွားရေးလုပ်ငန်းဟိုတယ်များကိုလည်း လက်လီအရောင်းဆိုင်ခန်းတွဲတစ်ခုနှင့် ဆက်စပ် ပေါင်းကူးထားသည်။

FMI မှ လုပ်ဆောင်နေသည့် စီမံကိန်း ဖြစ်သော Landmark Development စီမံကိန်းအဖြစ် အမည်ပြောင်းလဲကာ စီမံကိန်းစတင်မှုကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က စတင်ခဲ့ပြီး  Yoma Central စီမံကိန်းအဖြစ် အမည်ပြောင်းလဲလိုက်သည့် စီမံကိန်းတွင် စီမံကိန်း (က) နှင့် (ခ) နှစ်ပိုင်းပါဝင်ကာ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Mixed-use ဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် မြန်မာ့မီးရထားရုံးချုပ် ဟောင်းအား The Peninsula Yangon အဖြစ် ဖော်ဆောင်ခြင်းတို့ ပါဝင်သည်။

Most Read

Most Recent