အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု အကယ်ဒမီရရှိခဲ့သည့် သရုပ်ဆောင်နေတိုး အကယ်ဒမီရွှေစင်ရုပ်မှ ရွှေကြယ်အား ဘုရားလှူဒါန်းမည်

အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု အကယ်ဒမီရရှိခဲ့သည့် သရုပ်ဆောင်နေတိုး အကယ်ဒမီရွှေစင်ရုပ်မှ ရွှေကြယ်အား ဘုရားလှူဒါန်းမည်
Published 26 March 2018

အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု အကယ်ဒမီရရှိခဲ့သည့် သရုပ်ဆောင်အကယ်ဒမီနေတိုးသည် အကယ်ဒမီရွှေစင်ရုပ်မှ ရွှေကြယ်အား ဘုရားသို့လှူဒါန်းရန်စီ စဉ်ထားကြောင်းသိရသည်။ မည်သည့်နေရာတွင်လှူဒါန်းဖြစ်မည်မှာ မသေချာသေးသော်လည်း လှူဒါန်းရန်အတွက်ကိုမူ ရည်မှန်းပြီးဖြစ် ကြောင်းသိရသည်။

“အကယ်ဒမီရွှေစင်ရုပ်က ရွှေကြယ်ကတော့ ဘုရားကိုလှူဖို့ဆုံး ဖြတ်ထားတယ်။ ဘယ်နေရာမှာလှူ ဖြစ်မယ်တော့ သေချာမသိသေးဘူး။ အခုကစိတ်လှုပ်ရှားနေတာနဲ့ သေချာ မစဉ်းစားရသေးဘူး။ လှူဖို့တော့ ဆုံးဖြတ်ထားပြီးသားပါ။ ဒီအကယ်ဒမီဆုက ပရိသတ်တွေအားလုံးက ဇာတ်ကားရုံတင်ကတည်းကပဲ တစ်ခဲနက် ရစေချင်တယ်လို့ပြောကြတဲ့ဆုလည်းဖြစ်တော့ ပိုပြီးတော့လည်း တန်ဖိုးထားရသလို ကျွန်တော့်အတွက်လည်းပိုပျော်ရပါတယ်။ တကယ်လည်းရချင်ခဲ့တယ်။ အခုလို ဆုရတဲ့အတွက်လည်း အရမ်းပျော်ပါတယ်။ ပရိသတ်များကပေးတဲ့ ချစ်ခြင်းမေတ္တာကြောင့် ရလာတဲ့ ဒီဆုကကျွန်တော့်အတွက်တော့ ခွန်အားတွေဖြစ်စေပါတယ်။ ဒီခွန်အားတွေကိုအသုံးပြုပြီးတော့ အနုပညာအတွက် အကောင်းဆုံး ဖန်တီးနိုင်အောင် ဆက်လက်ကြိုးစားသွားမယ်လို့ ကတိပြုပါတယ်” ဟု သရုပ်ဆောင် အကယ်ဒမီနေတိုးကဆိုပါသည်။

အကယ်ဒမီနေတိုးသည် ၂၀၁၇ ခုနှစ်အတွက်ပေးအပ်ခဲ့သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ‘တာတေကြီး’ ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းဆုမှာ သရုပ်ဆောင်အကယ်ဒမီနေတိုးအတွက် တတိယမြောက်အကယ်ဒမီ ထူးချွန်ဆုဖြစ်ကြောင်းသိရသည်။ အကယ်ဒမီနေတိုးသည် ယခင်ကရရှိခဲ့သည့်အကယ်ဒမီထူးချွန်ဆု ရွှေစင်ရုပ်များ၏ရွှေကြယ်များကိုလည်း လှူဒါန်းခဲ့ကာ ယခုတစ်ကြိမ်တွင်လည်း ထပ်မံလှူဒါန်းရန် စီစဉ်ထားခြင်းဖြစ်သည်။

သရုပ်ဆောင်အကယ်ဒမီနေတိုးသည် လတ်တလောတွင် ‘ဘယ်တော့မှအရှုံးမပေးဘူး’ ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်လျက်ရှိကာ ယင်းဇာတ်ကားကို ပြင်ဦးလွင်မြို့၌ သွားရောက်ရိုက်ကူးနေခြင်းဖြစ် ကြောင်းသိရသည်။ နေတိုးသည် သြင်္ကန်တွင်လည်း နေအိမ်တွင်ပင် တရားထိုင်ခြင်းဖြင့် ဖြတ်သန်းရန် စီစဉ်ထားကြောင်း သိရသည်။

Most Read

Most Recent