နယ်ခြားစောင့်တပ်နှင့် တပ်မတော် နှစ်ရက်ကြာ စစ်ရေးတင်းမာမှု ဖြစ်ပွားလျက်ရှိရာမှ Without Car ၁၈၄ စီး အပ်နှင်းပြီးနောက် နှစ်ဖက်တာဝန်ရှိသူများညှိနှိုင်းချက်အရ ပြေလည်မှုရရှိ

နယ်ခြားစောင့်တပ်နှင့် တပ်မတော် နှစ်ရက်ကြာ စစ်ရေးတင်းမာမှု ဖြစ်ပွားလျက်ရှိရာမှ Without Car ၁၈၄ စီး အပ်နှင်းပြီးနောက် နှစ်ဖက်တာဝန်ရှိသူများညှိနှိုင်းချက်အရ ပြေလည်မှုရရှိ
Published 26 March 2018

မြဝတီနယ်စပ်မြို့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်နှင့် တပ်မတော်တို့ နှစ်ရက်ကြာ စစ်ရေးတင်းမာမှု ဖြစ်ပွားလျက်ရှိရာမှ  Without Car ၁၈၄ စီးကို အပ်နှင်းပြီးနောက် မတ် ၂၅ ရက်က နှစ်ဖက်တာဝန်ရှိသူများ ညှိနှိုင်းချက်အရ ပြေလည်မှုရရှိခဲ့ကြောင်း သိရသည်။

သင်္ဃန်းညီနောင် အခြေချ စစ်ဗျူဟာခန်းမတွင် မတ်၂၅ ရက်က ပြုလုပ်သည်အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ကာကွယ်ရေးစစ်ဦးစီးချုပ်ရုံး ၊ စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ)(၄) မှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွှန်ကြားရေးမှူးဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော (ကစထ) (၆) မှူး အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်ချုပ်ထင်မော်ထွန်း၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြီးစောထွန်းလှိုင်၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီးစောဖားနွီး၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များအထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူနှင့် နယ်ခြားစောင့်တပ်ရင်း တပ်မှူးများ တက်ရောက်ခဲ့ကြသည်။

မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းကမ်း နဖူးရှိ ဂျပန်တစ်ပတ်ရစ်ကားရောင်းချသော ဂိတ်အား မတ်၂၃ ရက် နေ့လယ်က တပ်မတော်က ဝင်ရောက်စစ်ဆေးရန်ကြိုးပမ်းမှုမှ တစ်ဖက်နှင့် တစ်ဖက်တင်းမာမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်နေ့ညတွင် တပ်မတော်တာဝန်ရှိသူများနှင့် ကရင်ပြည်နယ်  နယ်ခြားစောင့် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေး သဘောတူချက်အရ အဆိုပါ သောင်ရင်းကမ်းစပ်ရှိ ဂျပန်တစ်ပတ်ရစ် မော်တော်ယာဉ် ၁၀၄ စီးကို တပ်မတော်ထံသို့  အပ်နှင်းပေးခဲ့ကြောင်း သိရသည်။    “ဟုတ်ပါတယ်။ ညတွင်းချင်းပဲ အပ်ပေးရမယ်ဆိုလို့  မောင်းပို့ပေးရပါတယ်။ အားလုံး ၁၀၄ စီးပါ။ bgf  ဆိုတာ တပ်မတော်ရဲ့ မိတ်ဖက်ပါ။ တကယ်ဆိုရင် အကျိုးအကြောင်း ညှိနှိုင်းဆောင်ရွက်ဖို့ ကောင်းပါတယ်။ ခုက ပြည်သူတွေ အရမ်းနစ်နာပါတယ်” ဟု အမည်မဖော်လိုသူ နယ်ခြားစောင့်တပ်မှူးတစ်ဦးက မတ် ၂၄ ရက် နံနက်က ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တစ်ဖက်နှင့် တစ်ဖက်တင်းမာမှ ု ဖြစ်နေသည့် အတွက် ပစ်ခတ်မှ ုဖြစ်လာမည်ကို ဒေသခံပြည်သူများ၊ နယ်စပ်ကုန်စည် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ပူပန်ခဲ့ကြသော်လည်း မတ် ၂၅ ရက် ညနေတွင် နှစ်ဖက်ညှိနှိုင်းမှုပြေလည်သွားပြီ ဖြစ်၍ စစ်ရေးတင်းမာမှု ပြေလျော့သွားကြောင်း သိရသည်။

“တစ်ဖက်နဲ့ တစ်ဖက် ညှိနှိုင်းအဆင်ပြေပါစေလို့ ဆုတောင်းခဲ့ပါတယ်။ ဒီတစ်ခါ ဖြစ်ရင် နှစ်ဖက်အခြေအနေအရ အရမ်းစိတ်ပူမိတယ်။ အခုပြေလည်သွားပြီဆိုတော့လည်း ဝမ်းသာစရာပေါ့။၂၀၁၀ ဖြစ်တုန်းကဆိုရင် မြို့ရဲ့ စီးပွားရေး၊ လူနေမှုအခြေအနေ အတော်ထိခိုက်ခဲ့တယ်။ နှစ်ပေါင်း ၆၀ ကျော်စစ်ဘေးစစ်ဒဏ်လည်း  ခံခဲ့ပြီးပြီလေ” ဟု မြဝတီဒေသခံတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် ညှိနှိုင်း ဆောင်ရွက်မှုပြုလုပ်နေသည့် မတ် ၂၄ ရက်နေ့ညတွင် သောင်ရင်းကမ်းစပ်ရှိ ဂျပန်တစ်ပတ်ရစ်  Without Car အစီး ၈၀ ကို ထပ်မံအပ်ပေးလိုက်ရခြင်းဖြစ်သည့်အတွက် ကားအားလုံး ၁၈၄ စီးအပ်ပေးခဲ့သည်ဟု နယ်ခြားစောင့် တပ်မှူးတစ်ဦးက ဆိုသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ စခန်းချထားသည့် သောင်ရင်းကမ်းစပ်ရှိ ကင်း စခန်းဂိတ်ဝင်းများတွင် ရောင်းချလျက်ရှိသော  Without ကားများအား သက်ဆိုင်ရာက သိမ်းဆည်းခြင်းဖြစ်ပြီး နှစ်ဖက်တင်းမာမှု မဖြစ်ပွားစေရေးညှိနှိုင်းဆွေးနွေးပြီးနောက် ကစထ (၄) မှူး ဦးဆောင်သည့်အဖွဲ့က ယင်းဂိတ်များအတွင်း မော်တော်ယာဉ်များ ထားသိုရောင်း ချမှုမရှိသည့် အခြေအနေအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

Most Read

Most Recent