<

မြစ်ကြီးနား ကမ္ဘောဇမီနီဘဏ် လုယက်ခံရမှု နှစ်လကျော်သည်အထိ တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိသေး

မြစ်ကြီးနား ကမ္ဘောဇမီနီဘဏ်လုယက်ခံရမှု နှစ်လကျော်ကြာသည်အထိ ကျူးလွန်သူကို ဖော်ထုတ်နိုင်ခြင်းမရှိသေးဘဲ စုံစမ်းဆဲဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားသည်။

လုယက်ခံရမှုနှင့် ပတ်သက်သည့် အချက်အလက်များ၊ မှတ်တမ်းများကို စစ်ဆေးနေပြီး ဖမ်းဆီးရရှိနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်ခဲ့ကြောင်း၊ သံသယရှိသူသုံးဦးကို ရမန်ယူစစ်ဆေးခဲ့ခြင်းများ ရှိခဲ့ပြီး လက်ရှိအချိန်တွင် ဘဏ်ဓားပြတိုက်မှုနှင့်ပတ်သက်၍ တစ်ဦးတစ်ယောက်မျှ ဖမ်းဆီးချုပ်နှောင်ထားခြင်းမရှိကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ဇော်ခင်အောင်က ဆိုသည်။

၎င်းက “လက်ရှိအချိန်အထိတော့ တရားခံ ဘယ်သူဘယ်ဝါဆိုတာ မဖော်ထုတ်နိုင်သေးပါဘူး။ တရားခံဖမ်းဆီးနိုင်ရေး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်။ ရမန်ယူပြီး စစ်ဆေးနေတဲ့ အမျိုးသားသုံးဦးကိုလည်း ခံဝန်နဲ့ ပြန်လွှတ်ပါပြီ။ သံသယကွင်းဆက်တွေတော့ ရရှိထားပါတယ်။ စုံစမ်းနေကြဆဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၂၃ ရက် ညနေ ၃ နာရီခွဲ ဈေးပိတ်နေသည့်အချိန်တွင် မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက်၊ ဈေး-၁ အပေါ်ထပ်ရှိ ကမ္ဘောဇမီနီဘဏ်တွင် ဒေါ်နန်းအေးအေးသင်းနှင့် ဘဏ်ဝန်ထမ်းငါးဦးတို့သည် ညနေ ၃ နာရီခန့်တွင် ဘဏ်ဘေးဘာဂျာ တံခါးများပိတ်ပြီး ဘဏ်ရှေ့မှန်တစ်ချပ်သာဖွင့်၍ စာရင်းပိတ်နေစဉ် မျက်နှာတွင် Mask အုပ်လျက် လူငယ်လေးဦး စီတန်းဝင်ရောက်လာပြီး ရှေ့ဆုံးမှဝင်လာသည့် လူငယ်က အနက်ရောင် သေနတ်အတို (အတုအစစ်မသိ) ဖြင့် ဘဏ်လုံခြုံရေး ဦးပြည့်ဖြိုးအောင်အားချိန်ပြီး ကျန်လူများကို ရိုက်နှက်၍ ဘဏ်ဝန်ထမ်းများအား ကြမ်းပြင်တွင် မှောက်ထားခိုင်းကြောင်း၊ ဘဏ်ကောင်တာ ကြမ်းပြင်တွင်ထားသော ကမ္ဘောဇတံဆိပ်ပါ ကြွပ်ကြွပ်အိတ် နှစ်အိတ် ဘဏ်ငွေကျပ် သိန်း ၉၂၀ ကျပ်ခန့်ကို ယူဆောင်၍ လက်ကိုင်ဖုန်းသုံးလုံးသာရ သည့်အတွက် ၀န်ထမ်းများကို ရိုက်နှက်ခဲ့ကြောင်း၊ ဘဏ်အတွင်းတပ်ဆင်ထားသည့် CCTV ကင်မရာစက်များကို ဖြုတ်ယူပြီး မော့ကြည်လျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုပြီး ဘဏ်ရှေ့မှန်တံခါးလက်ကိုင်ကွင်းအား ကြိုးဖြင့်ချည်ကာဘာ ဂျာတံခါးအား ပိတ်၍ သော့ပေါက်တွင် ဘောပင်ဖြင့် ထိုးကာ ထွက်ပြေးသွားခဲ့ကြောင်း ရဲစခန်းမှတ်တမ်းများအရ သိရသည်။

ဒေါ်နန်းအေးအေးသင်းမှ ဘဏ်မန်နေဂျာ ဒေါ်ယဉ်ယဉ်မာအား ဖုန်းဆက်ခေါ်ပြီး ၎င်းတို့ ရောက်လာချိန်မှသာ လုယူသွားသည့် ဖုန်းသုံးလုံးကို ဘဏ်အတွင်းထားသော အမှိုက်ပုံတွင် ဆင်းကတ်များနုတ်၍ ရေလောင်းခဲ့သည်ကို တွေ့ရကြောင်း ထွက်ဆိုချက်မှတ်တမ်းများအရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဈေး-၁ မီနီဘဏ်ဌာနတာဝန်ခံ ဒေါ်နန်းအေးအေးသင်းက တရားလိုပြုလုပ်ကာ တိုင်တန်းသဖြင့် မြစ်ကြီးနားမြို့မ ရဲစခန်းတွင် (ပ)၁၃/ ၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၉၄/ ၁၁၄ ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ်တွင် အစိုးရသစ်နှစ်ဆက်အတွင်း ၀န်ကြီးချုပ်များ၏ ကိုယ်ရေးအရာရှိနှင့် လုံခြုံရေးအရာရှိများ မြစ်ကြီးနားမြို့ပေါ်တွင် တိုက်ခိုက်ခံရမှုများရှိခဲ့ကြောင်း သိရသည်။

March 25, 2018














Copy Protected by Chetan's WP-Copyprotect.