မကွေးတိုင်းဒေသကြီးသို့ ၂၅ ရက်အတွင်း ရခိုင်ပြည်နယ်မှ ခိုးဝင်ဘင်္ဂါလီ ၆၄ ဦး ဖမ်းဆီးရမိ

မကွေးတိုင်းဒေသကြီးသို့ ၂၅ ရက်အတွင်း ရခိုင်ပြည်နယ်မှ ခိုးဝင်ဘင်္ဂါလီ ၆၄ ဦး ဖမ်းဆီးရမိ
Published 26 March 2018

ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂါလီအချို့အား တွေ့ရစဉ်

မတ် ၁ ရက်မှ၂၅ ရက်အထိ ရခိုင်ပြည်နယ်ဘက်မှ မကွေးတိုင်းဒေသကြီးအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ဘင်္ဂါလီ လူမျိုး ၆၄ ဦးအထိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရခိုင်ရိုးမနဲ့ဆက်စပ်နေသည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မင်းလှမြို့နယ်နှင့် မင်းတုန်းမြို့နယ်များတွင် မတ်၂၅ ရက်အထိ ရခိုင်ပြည်နယ်ဘက်မှ မကွေးတိုင်းဒေသကြီးအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုး ၆၄ ဦးနှင့်လိုက်ပါပို့ဆောင်သူ ကိုးဦးအထိ ဖမ်းမိခဲ့ကြောင်း မင်းလှမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“နောက်ဆုံးမိတဲ့ ၁၆ ယောက်က ၂၃ ရက်ကတည်းက မိတာပေါ့။ လမ်းခရီးဝေးတာနဲ့ သွားဖမ်းနေရပြီး ဒီနေ့နံနက်ပိုင်းမှစခန်းကို ရောက်တာပါ။၂၄ရက်မှာ မိတာကတော့ မင်းတုန်းမြို့နယ်ထဲကနေ မိတာပါ။ မိတဲ့ ၁၄ ယောက်ကို မင်းတုန်းမြို့နယ် တာဝန်ရှိရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့ပါတယ်။ လက်ရှိဖမ်းမိတာက ဘင်္ဂါလီလူမျိုး ၆၄ ဦးအထိ ရှိပြီပေါ့။ လိုက်ပို့တဲ့လူက ကိုးဦးပါ။ ဒီအရေအတွက်က ပြီးခဲ့တဲ့ဖမ်းမိမှုတွေနဲ့ယှဉ်ရင်တော့ စံချိန်တင်တယ်လို့ ပြောလို့ရပါတယ်။ သူတို့ထွက် ဆိုချက်တွေအရတော့ ရခိုင်ရိုးမကိုဖြတ်ပြီးတော့ ဒီဘက်ကိုကူးလာကြတာပေါ့။ အခုလို တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေကို ဖမ်းမိအောင် သတင်းပေးတိုင်ကြားတဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်” ဟု မင်းလှမြို့နယ်ရဲမှူး ဦးထင်အောင်လင်းကပြောကြားသည်။

အဆိုပါဖမ်းဆီးရမိသည့် ဘင်္ဂါလီလူမျိုးများမှာ ရခိုင်ပြည်နယ်ဘက်မှ မကွေးတိုင်းအတွင်းသို့ ဝင်ရောက်ပြီး ရန်ကုန်သို့ထွက်ခွာရန် စီစဉ်နေကြသူများဖြစ်ပြီး ရန်ကုန်မှတစ်ဆင့် မလေးရှားနိုင်ငံဘက်သို့ ဆက်လက်ထွက်ခွာရန် စီစဉ်ထားသူများလည်းရှိကြောင်း သိရသည်။

မင်းလှမြို့နယ် ရေနံမရဲစခန်းအပိုင်း နေရာများတွင် ပြီးခဲ့သည့် မတ် ၁ ရက်က ခိုးဝင် ဘင်္ဂါလီင ါးဦး၊ မတ် ၆ ရက်တွင် ခိုးဝင်ဘင်္ဂါလီ ခုနစ်ဦးနှင့် လိုက်ပါပို့ဆောင်သူနှစ်ဦး၊ မတ် ၁၄ ရက်တွင် ခိုးဝင်ဘင်္ဂါလီတစ်ဦး၊ မတ် ၁၈ ရက်တွင် ခိုးဝင်ဘင်္ဂါလီနှစ်ဦး၊ မတ်၂၀ ရက် တွင် ခိုးဝင်ဘင်္ဂါလီ ၁၀ ဦး လိုက်ပါပို့ဆောင် သူခုနစ်ဦး၊ မတ် ၂၃ ရက်တွင် ဘင်္ဂါလီလူမျိုး ၂၅ ဦး၊ ၂၄ ရက်တွင် ၁၄ ဦးအထိ ဖမ်းမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် ခိုးဝင်ဘင်္ဂါလီများကို လဝကဥပဒေဖြင့် အမှုဖွင့်အရေးယူခြင်းများ ပြုလုပ်ထားပြီး လိုက်ပါပို့ဆောင်သူများကို ရာဇသတ်ကြီးပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့် အရေးယူမှုများ ပြုလုပ်ထားကြောင်း သိရသည်။

Most Read

Most Recent