ဖေဖော်ဝါရီတွင် ရခိုင်နှင့်ကချင်ပြည်နယ်၌ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့

ဖေဖော်ဝါရီတွင် ရခိုင်နှင့်ကချင်ပြည်နယ်၌ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့
Published 26 March 2018

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏နေအိမ်အနီး မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် နေအိမ်ခြံဝင်းအတွင်းရှိ အဆောင်ငယ်နှင့် အိမ်စီးကားတို့၏ အပျက်အစီးအချို့ကို တွေ့ရစဉ်

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ၌ ရခိုင်နှင့် ကချင်ပြည်နယ်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး ပြည်ထောင်စု နယ်မြေတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့မှထုတ်ပြန်သည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအထိ ကချင်ပြည်နယ်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၅ ဒသမ ၈၈ ရာခိုင်နှုန်း၊ ကယားပြည်နယ်တွင် ၄ ဒသမ ၅၄ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်တွင်  ၃ ဒသမ ၈၀ ရာခိုင်နှုန်း၊ ချင်းပြည်နယ်တွင် ၂ ဒသမ ၉၆ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းတွင် ၃ ဒသ မ ၀၀ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းတွင် ၅ ဒသမ ၀၃ ရာခိုင်နှုန်း၊ ပဲခူးတိုင်းတွင် ၃ ဒသမ ၉၉ ရာခိုင်နှုန်း၊ မကွေးတိုင်းတွင် ၃ ဒသမ ၄၁ ရာခိုင်နှုန်း၊ မန္တလေးတိုင်းတွင် ၃ ဒသမ ၆၈ ရာခိုင်နှုန်း၊ မွန်ပြည်နယ်တွင် ၄ ဒသမ ၈၅ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်တွင် ၈ ဒသမ ၄၆ ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းတွင် ၃ ဒသမ ၀၅ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်တွင် ၄ ဒသမ ၈၃ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းတွင် ၄ ဒသမ ၇၀ ရာခိုင်နှုန်း၊ ပြည်ထောင်စုနယ်မြေတွင် ၀ ဒသမ ၈၁ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

အဓိကမြို့ကြီးသုံးမြို့၏ ဖေဖော်ဝါရီလ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ရန်ကုန်မြို့တွင် ၃ ဒသမ ၄၀ ရာခိုင်နှုန်း၊ မန္တလေးမြို့တွင် ၆ ဒသမ ၈၅ ရာခိုင်နှုန်း၊ နေပြည်တော်တွင် ၃ ဒသမ ၃၀ ရာခိုင်နှုန်းဖြစ်ပြီး တစ်နိုင်ငံလုံး အတွက် ဖေဖော်ဝါရီလ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၄ ဒသမ ၁၆ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင်  ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

ယခင်က ၂၀၀၆ ခုနှစ်ကိုအခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ်စစ်တမ်းအပေါ် အခြေခံ၍ အခြေခံနှစ် (Base Year) အား ပြောင်းလဲတွက်ချက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်းလျော့ကျရန် ဘဏ္ဍာရေး၊ ငွေကြေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြား ငွေထိန်းချုပ်ရေးမူဝါဒများအပေါ် အခြေခံပြီး မဖြစ်မနေဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇  ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်)တွင် ဖော်ပြထားချက်အရ သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် ပထမ ကာလတိုငါးနှစ်စီမံကိန်း (၂၀၁၁-၂၀၁၂  ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ) ကာလတွင် တိုးတက်ခဲ့ခြင်းကြောင့် ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာ နှစ်) တွင် လက်ရှိဖြစ်ပေါ်နေသည့်  ငွေကြေးဖောင်းပွမှု နှုန်းလျော့ကျစေရေးအတွက် ဘဏ္ဍာရေးမူ ဝါဒ၊ ငွေကြေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒနှင့်  နိုင်ငံခြားငွေထိန်းချုပ်ရေး မူဝါဒများအပေါ် အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရေးကိစ္စရပ်များအား မဖြစ်မနေဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၀၆ ခုနှစ် အခြေခံနှစ် အရ ၂၀၁၁-၂၀၁၂  ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင်  ၂ ဒသမ ၈၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၇၂ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၉၀ ရာခိုင်နှုန်း အသီးသီးဖြစ်ပေါ်ခဲ့ကြောင်း ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် ဖော်ပြထားချက်အရ သိရသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၇ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်ပေါ်နိုင်သည် ဟု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းတွင် ခန့်မှန်းထားကြောင်း သိရသည်။

Most Read

Most Recent