တနင်္သာရီတိုင်းဒေသကြီးတွင် ယခုနှစ်ပိုင်းအတွင်း မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု မြင့်တက်လာ

တနင်္သာရီတိုင်းဒေသကြီးတွင် ယခုနှစ်ပိုင်းအတွင်း မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု မြင့်တက်လာ
Published 25 March 2018

တနင်္သာရီတိုင်းဒေသကြီး အတွင်းတွင် ယခုနှစ်ပိုင်းအတွင်းမိမိ ကိုယ်ကိုယ်သေကြောင်းကြံစည်မှု မြင့်တက်လာပြီး ယခုနှစ် မတ် ၂၃ ရက်အထိ ၂၆ ဦးရှိခဲ့ကြောင်း သိရသည်။ တိုင်းဒေသကြီးအတွင်း မိမိကိုယ်ကိုယ်သေကြောင်း ကြံစည်မှုအဖြစ် ၂၀၁၇ ခုနှစ်တွင် ဆွဲကြိုးချသူ ၁၀၃ ဦး၊ အဆိပ်သောက်သူလေးဦး၊ မိမိကိုယ်ကိုယ်ဓားဖြင့်ထိုးသူတစ်ဦး၊ မိမိကိုယ်ကိုယ်မီးရှို့သူတစ်ဦးနှင့် တိုက်အမြင့်မှခုန်ချသူ တစ်ဦး စုစုပေါင်း ၁၁၀ ရှိခဲ့ပြီး ယင်းအနက် အသက်မသေဆုံး၍ ရာဇသတ်ကြီးပုဒ်မ ၃၀၉ ဖြင့် အရေးယူခံရသူ တစ်ဦးသာရှိခဲ့ကြောင်း၊ ယခု ၂၀၁၈ ခုနှစ် မတ် ၂၃ ရက်အထိ သေကြောင်းကြံစည်မှု ၂၅ မှု၌ ဆွဲကြိုးချသူ ၁၉ ဦး၊ အဆိပ်သောက်သူ လေးဦးနှင့် ရာဇသတ်ကြီးပုဒ်မ ၃၀၉ ဖြင့် အရေးယူခံရသူ သုံးဦး စုစုပေါင်း ၂၆ ဦးရှိခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ ရရှိသည့်စာရင်းများအရ သိရသည်။

“သေကြောင်းကြံတာက အခုနောက်ပိုင်းမှာ မိန်းကလေးတွေလည်း အဖြစ်များလာတယ်။ နာတာရှည်ရောဂါသည်တွေလည်း စိတ်ဓာတ်ကျလာတယ်။ မိသားစုကလည်း ဆင်းလည်းဆင်းရဲတယ်။ ဒီလိုလူတွေ အဖြစ်များတယ်။ အဓိက အကြောင်းတွေကတော့ ကျန်းမာရေးမကောင်းလို့ စိတ်ဓာတ်ကျတာ၊ စီးပွားရေးအဆင်မပြေတာ၊ ငွေကြေးပြဿနာနဲ့ စိတ်ကျရောဂါမျိုး ရက်ရှည်လများ ခံစားနေရတဲ့သူတွေ ဖြစ်ကြတယ်။ ယေဘုယျကတော့ လူမှုစီးပွားရေး ခက်ခဲမှုတွေနဲ့ ကျန်းမာရေးချို့တဲ့မှုတွေ အဲဒီအကြောင်းရင်းခံတွေကြောင့် စိတ်ကျရောဂါကို ရက်ရှည်များ ခံစားခဲ့ရသူတွေ ထွက်ပေါက်ရှာတဲ့အနေနဲ့ လုပ်ကြတာပေါ့။ လူငယ်ပိုင်းတွေမှာ အများဆုံး တွေ့ရတာကတော့ သမီးရည်းစားကိစ္စရယ်၊ အဲဒီအပေါ်မှာ မိသားစုအတွင်း အုပ်ချုပ်ပုံအရ ရှေးရိုးဆန်ပြီးတော့ နည်းနည်းလေး အကြမ်းဖက်တဲ့ ရိုက်နှက်ဆုံးမတဲ့ အပေါ်မှာလည်း မူတည်တယ်။ တစ်ခါက ကောင်မလေးက ရည်းစားထားတာကို သူ့အစ်ကိုကရိုက်လို့ ရှက်ပြီး သတ်သေသွားတာရှိတယ်။ လူငယ်သဘာဝနဲ့ စိတ်ကစားတဲ့အချိန်မှာ အကြမ်းနည်းနဲ့ ထိန်းချုပ်တာမျိုးတွေမှာဖြစ်တာ ပေါက်ကွဲပြီး အဖြစ်များတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုများ ဖြစ်ပွားရာတွင် အမျိုးသားများဖြစ်ပွားမှုမှာ ရာခိုင်နှုန်း ၉၀ အထိရှိနေပြီး မြို့ပေါ်ထက် နယ်ဘက်တွင် ပိုမိုအဖြစ်များလာကာ ဆွဲကြိုးချသတ်သေခြင်းအပြင် နယ်ဘက်ကျေးရွာများ၏ စိုက်ပျိုးရေးလုပ်ငန်းများ၌ အသုံးပြုလေ့ရှိသော မြေခံဆေးကိုသောက်သုံး၍ သေကြောင်းကြံစည်မှုများလည်း များလာကြောင်း၊ သေကြောင်းကြံစည်မှုများတွင် သက်ကြီးပိုင်းများမှာ စိတ်ကျရောဂါကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကြောင့် ပြုလုပ်လေ့ရှိသော်လည်း လူငယ်ပိုင်းတွင်မူ ချစ်မှုရေးရာ ပြဿနာများနှင့် မိသားစု၏ တင်းကျပ်စွာ ထိန်းချုပ်မှုများကြောင့် ထွက်ပေါက်အနေဖြင့် ပြုလုပ်လေ့ရှိကြောင်း၊ ထိုသို့သေကြောင်းကြံစည်၍ အသက်သေဆုံးပါက သေမှုသေခင်း ဖွင့်လှစ်ကာ စစ်ဆေးပြီး အသက်သေဆုံးမှုမရှိပါက ရာဇသတ်ကြီးပုဒ်မ ၃၀၉ (မိမိကိုယ်ကိုမိမိသတ်ရန် အားထုတ်ခြင်း) ဖြင့် အမှုဖွင့် အရေးယူကြောင်း သိရသည်။ ရာဇသတ်ကြီးပုဒ်မ ၃၀၉ တွင် မည်သူမဆို မိမိကိုယ်ကိုမိမိသတ်ရန် အားထုတ်၍ ထိုပြစ်မှုကို ကျူးလွန်ရန် ရှေးရှုသော ပြုလုပ်မှုတစ်ခုခုပြုလျှင် ထိုသူကို တစ်နှစ်အထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြပြဋ္ဌာန်းထားသည်။

Most Read

Most Recent