မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း အရည်အသွေးမမီလမ်းများကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေးမည်ဖြစ်ပြီး အင်ဂျင်နီယာ၊ ကန်ထရိုက်တာ၏ ပေါ့ဆမှုပေါ်လွင်က ဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီ အပြစ်ပေး အရေးယူမည်ဟုဆို

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း အရည်အသွေးမမီလမ်းများကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေးမည်ဖြစ်ပြီး အင်ဂျင်နီယာ၊ ကန်ထရိုက်တာ၏ ပေါ့ဆမှုပေါ်လွင်က ဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီ အပြစ်ပေး အရေးယူမည်ဟုဆို
Published 25 March 2018

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း ကုမ္ပဏီ၊ ဌာနဆိုင်ရာတို့ တည်ဆောက်သော ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းများ၏ အရည်အသွေးများကို အချိန်နှင့် တစ်ပြေးညီ စစ်ဆေးမည်ဖြစ်ပြီး အင်ဂျင်နီယာ၊ ကန်ထရိုက်တာတို့၏ ပေါ့ဆမှုပေါ်လွင်ပါကဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီ အပြစ်ပေး အရေးယူမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ ဝန်ကြီး ဦးမင်းကျော်လွင် (မွန်ပြည်နယ်ဆောက်လုပ်ရေး၊ စည်ပင်သာယာရေးဝန်ကြီးဌာန) က မတ် ၂၃ ရက် မွန်ပြည်နယ်လွှတ်တော်တွင် ပြောကြားသည်။

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း လမ်းများတည်ဆောက်ရာ စစ်ဆေးသူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရည်အသွေးမီ ဆောင်ရွက်ပေးရန်၊ အရည်သွေး မမီပါက တည်ဆောက်သည့် ကုမ္ပဏီကို အရေးယူမည့်နည်းလမ်း၊ ဌာနက တည်ဆောက်ပါက အရည်သွေးကို မည်သူတာဝန်ယူမည်၊ စိစစ်ရေး ကော်မတီက အချိန်နှင့်တစ်ပြေးညီ စစ်ဆေးခြင်းရှိ မရှိတို့ကို ဒေါ်မြသိင်္ဂီမော် (မုဒုံမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) က ကျင်းပဆဲ၊ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်နဝမအစည်းအဝေး ဒုတိယနေ့တွင် မေးမြန်းမှုအပေါ် မွန်ပြည်နယ် ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးဦးမင်း ကျော်လွင်က အထက်ပါအတိုင်း ဖြေကြားခဲ့သည်။

ယင်းဖြေကြားမှုအပေါ် ဒေါ်မြသိင်္ဂီမော်က ထပ်ဆင့်မေးမြန်းရာ “အခုလက်ရှိ နိုင်လွန်ကတ္တရာခင်းနေတဲ့နေရာမှာ မော်လမြိုင်မှာလည်း နိုင်လွန်ကတ္တရာ ခင်းထားတာ ရှိပါတယ်။ အဲဒီလမ်းက ကောင်းမွန်ပြီး မော်လမြိုင်-မုဒုံ-သံဖြူဇရပ်ခင်းနေတဲ့ နိုင်လွန်ကတ္တရာလမ်းက ဘာကြောင့်ညံ့နေလဲ။ ကတ္တရာကြောင့်လား။ စီမံတဲ့သူကြောင့်လားဆိုတာ သိလိုတယ်။ မော်လမြိုင်-မုဒုံနိုင်လွန် ကတ္တရာလမ်းက စံချိန်စံညွှန်းမီတယ်လို့ ထင်ပါသလား။ နိုင်ငံတော်ရဲ့ ဘဏ္ဍာတော်ငွေတွေကို ဖြုန်းတီးရာ ရောက်နေတယ်လို့ မြင်မိပါတယ်။ အမှန်တကယ် လမ်းခင်းထားပြီးဆိုရင် တာဝန်ရှိတဲ့သူက ကြီးကြပ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နိုင်လွန်ကတ္တရာက ၂၄ ပေပဲ ခင်းထားရပါသေးတယ်။ စာထဲမှာလို လေးလမ်းသွားခင်းနိုင်ခြင်းရှိ မရှိ ဆိုတာ သိလိုပါတယ်” ဟု မေးမြန်းခဲ့သည်။

မော်လမြိုင်-မုဒုံလမ်းသည် ပြည်ထောင်စုဝန်ကြီးဌာန၏ စံချိန်စံညွှန်းအတိုင်း အရည်အသွေးရှိမည်ဖြစ်ပြီး လမ်းမိုင်တိုင်အတိအကျကို ကိုယ်စားလှယ်တော်က တင်ပြပါက ပြည်ထောင်စု QC စစ်ဆေးရေးအဖွဲ့ကို သီးခြားစစ်ဆေးစေမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ဘဏ္ဍာငွေကို ဖြုန်းတီးသလို ဖြစ်နေခြင်းဆိုသည်နှင့် ပတ်သက်ပြီး လမ်းလုပ်ငန်း အပိုင်းလိုက် ဆင့်ကဲဆင့်ကဲ စစ်ဆေး ကြီးကြပ်နေပါကြောင်း၊ ယင်းအပြင် ရုံးချုပ်မှာ QC Team ဖွဲ့စည်းထားပြီး အင်ဂျင်နီယာ၊ ကန်ထရိုက်တာ လုပ်ဆောင်မှုများအပေါ် ကျေနပ်မှုမရှိပါက စစ်ဆေး၍ ပေါ့ဆမှုကြောင့် ပေါ်လွင်ပါက လုပ်ထုံးလုပ်နည်းနှင့်အညီ လိုအပ်သည့် အပြစ်ပေး အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဝန်ကြီး ဦးမင်းကျော်လွင်က ပြန်လည် ဖြေကြားခဲ့သည်။

Most Read

Most Recent