ရာသီဥတု ဖောက်ပြန်မှုနှင့် ပိုးမွှားကျရောက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် သခွားမွှေး အထွက်နှုန်းလျော့ကျ

ရာသီဥတု ဖောက်ပြန်မှုနှင့် ပိုးမွှားကျရောက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် သခွားမွှေး အထွက်နှုန်းလျော့ကျ
Published 25 March 2018

ရာသီဥတုဖောက်ပြန်မှု၊ ပိုးမွှားကျရောက်များကြောင့် စစ်ကိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိ သခွားမွှေးစိုက်ခင်းများ သီးနှံထွက်နှုန်း လျော့ကျခဲ့ကြောင်း သိရသည်။

သီတင်းကျွတ်ကာလမှ စိုက်ပျိုးခဲ့သော စစ်ကိုင်းမြို့နယ်နှင့် မြင်းမူမြို့နယ်အတွင်းရှိ သခွားမွှေးစိုက် ဧကများတွင် အခါမဲ့ မိုးရွာသွန်းခဲ့ခြင်း၊ ပိုးမွှားကျရောက်ခဲ့ခြင်းကြောင့် ယခုဆောင်းသီးနှံဆွတ်ခူးချိန်၌ သီးနှံတန်ချိန် အထွက်နှုန်း လျော့လာခဲ့ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“ဒီနှစ်က ရာသီဥတုက ဖောက်ခဲ့တယ်။ အခါမဲ့မိုးရွာပြီးနောက် ပိုးတွေကျလာတယ်။ စိုက်ခင်းတွေထဲ မသန့်တဲ့ရေတွေ ဝင်လာပြီး ပိုးတွေကျလာတယ်။ တချို့အပင်တွေ သေကုန်တော့ ပိုးသတ်ဆေးနောက်က ထပ်လိုက်ရတာပေါ့။ စိုက်ပြီးလေးလလောက်နဲ့ ထွက်ရမှာကို ရာသီဥတုကြောင့် နောက်ကျသွားခဲ့တယ်။ မနှစ်က သခွားမွှေးတစ်ဧက ၁၃ တန်ထွက်တယ်။ ဒီနှစ် အခုဆွတ်ခူးနေချိန် တစ်ဧက ၁၀ တန်လောက်ပဲ ထွက်တယ်” ဟု မြင်းမူမြို့ ညောင်ပင်သာရွာမှ တောင်သူဦးသိုင်းငွေက ပြောကြားသည်။

“ဒီနှစ်သီးနှံအထွက်နှုန်း လျော့ကျခဲ့တယ်။ ရာသီဥတုဖောက်ပြန်ခဲ့တော့ စိုက်ပျိုးစရိတ်၊ သွင်းအားစုစရိတ်၊ အလုပ်သမားစရိတ်တွေ ပိုကုန်ခဲ့တာပေါ့။ သခွားမွှေး ဈေးလည်းကျသွားခဲ့တယ်။ မနှစ်က တစ်ကီလို တရုတ်ငွေ ခုနစ်ကျပ်ရတာကနေ ဒီနှစ် တစ်ကီလို တရုတ်ငွေ ငါးကျပ်ခွဲ၊ ခြောက်ကျပ်ပဲ ရတော့တယ်” ဟု စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။

သခွားမွှေးကို တစ်နှစ်လျှင် နှစ်ကြိမ် ရေဝင် (စနယ်မြေ) တွင် စိုက်ပျိုးရကြောင်းသိရပြီး စစ်ကိုင်းမြို့နယ်နှင့် မြင်းမူမြို့နယ် မုံရွာ-မန္တလေး ကားလမ်းတစ်လျှေက်တွင် ဧကများစွာ စိုက်ကြပြီး ထွက်ရှိလာသည့် သီးနှံများအား အမျိုးအစားခွဲကာ ထုပ်ပိုးပြီး ၁၀ ဘီး၊ ၁၂ဘီး ယာဉ်များဖြင့် မန္တလေး-မူဆယ်လမ်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့ ရောင်းချကြောင်း သိရသည်။

Most Read

Most Recent