ရန်ကုန်တိုင်းအတွင်းရှိ စီမံကိန်းများကို PPP ဖြင့် ဆောင်ရွက်မည် ဆိုပါက ဥပဒေပြဋ္ဌာန်းပြီးမှသာ ဆောင်ရွက်သင့်ကြောင်း တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ထောက်ပြ

ရန်ကုန်တိုင်းအတွင်းရှိ စီမံကိန်းများကို PPP ဖြင့် ဆောင်ရွက်မည် ဆိုပါက ဥပဒေပြဋ္ဌာန်းပြီးမှသာ ဆောင်ရွက်သင့်ကြောင်း တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ထောက်ပြ
Published 25 March 2018

မတ် ၂၃ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး မစတင်မီ တွေ့ရစဉ်

ရန်ကုန်တိုင်းအတွင်းရှိ စီမံကိန်းများကို PPP ဖြင့် ဆောင်ရွက်မည် ဆိုပါက ဥပဒေ ပြဋ္ဌာန်းပြီးမှသာ ဆောင်ရွက်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်း နှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်း က ပြောကြားသည်။

မတ် ၂၃ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး (၁၇) ရက်မြောက်နေ့တွင် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရ စီမံကိန်းဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေးကော်မတီ၏ သဘောထားမှတ်ချက်အား ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ဖတ်ကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“နောက်ဆက်တွဲ လုပ်ငန်းစီမံကိန်းများ မှာ ဖြစ်နိုင်ခြေများကို လေ့လာဆန်းစစ်ပြီး နိုင်ငံတော်ဘတ်ဂျက်ကို မသုံးစွဲတော့ဘဲ PPP စနစ်ဖြင့် ဆောင်ရွက် အသုံးပြုမည်ကို သိရှိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ PPP စနစ်ကို ဆောင်ရွက်မည် ဆိုပါ က ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၁၈၈) ကို ရည်ညွှန်းသည့် ဇယား(၂) ပုဒ်မ-၁ (ဈ)တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေများ ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံခြင်း ကိစ္စရပ်အတွက် လည်းကောင်း၊ ပုဒ်မ (၂)(က)အရ ပြည်ထောင်စုက ပြဋ္ဌာန်းသည့် ဥပဒေနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ဆောင်ရွက်သည့် စီးပွားရေးကိစ္စရပ်များ လုပ်ဆောင်ရန်အတွက် ၎င်းဥပဒေများကို ဦးစွာ ပြဋ္ဌာန်းသင့်ပါတယ်။ ဒါကြောင့် ဥပဒေပြဋ္ဌာန်းပြီးမှသာ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ PPP စနစ်ကို ဆောင်ရွက်သင့်ပါတယ်” ဟု ဒေါ်စန္ဒာမင်းက ဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးတွင် မကြာမီ ပြဋ္ဌာန်းတော့မည့် စည်ပင်သာယာရေး ဥပဒေတွင် အာဏာပိုင်အဖွဲ့များမှ ဆောင်ရွက်ရန် စီစဉ်ထားသော Unity Duct Line ကို ပုဂ္ဂလိကများသို့ ငှားရမ်းမည့် ကိစ္စရပ်များအတွက် ဇယား (၂) ပုဒ်မ ၁ (ဆ) တွင် ပြဋ္ဌာန်းထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပိုင် ပစ္စည်းများ၊ ရောင်းချခြင်း၊ ငှားရမ်းခြင်း နှင့် အခြားနည်းဖြင့် ဆောင်ရွက်ခြင်းကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် လွှတ်တော် သို့မဟုတ် တိုင်းဒေသကြီးအစိုးရမှ ဇယား (၂) အတိုင်း ဥပဒေတစ်ရပ်ကို အရင်ပြဋ္ဌာန်း ဆောင်ရွက်သင့်ကြောင်း၊ ထိုဥပဒေပြုပြီးမှသာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ဆက်လက် ဆောင်ရွက်သင့်ကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ယင်းအပြင် စည်ပင်သာယာရေး ကော်မတီမှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများတွင် ပြဋ္ဌာန်းချက် အပိုင်း (၃) ၏ ပထမဦးစားပေး လုပ်ငန်းဖြစ်သော ဂျိုးဖြူရေလှောင်တမံ၏ ရေယူ အဆောက်အအုံ ပြုပြင်မွမ်းမံခြင်း၊ ဒုတိယ ဦးစားပေးအနေဖြင့် ဗိုလ်တထောင်မြို့နယ်ရှိ လေမှုတ်စက်ရုံ ပြုပြင်ခြင်း၊ တတိယဦးစားပေး အနေဖြင့် မရမ်းကုန်းမြို့နယ်ရှိ ရေတွန်းစက်ရုံ ပြုပြင် မွမ်းမံခြင်းတို့ကို ဦးစားပေး လုပ်ဆောင်သင့်ပြီး စတုတ္ထဦးစားပေးနှင့် ပဉ္စမဦးစားပေးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် သိမ်ကြီးဈေး (အေရုံနှင့် ဘီရုံ) ပြုပြင်ခြင်း လုပ်ငန်းများကို ဦးစားပေး အခန်းကဏ္ဍတွင် မထည့်သွင်းသင့်ကြောင်း ဒေါ်စန္ဒာမင်းက ဆိုသည်။

စီမံကိန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်ဘတ်ဂျက်ဖြင့် မဟုတ်ဘဲ PPP (Public Private Partnership) ဖြင့် ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက မတ် ၁၆ ရက် က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး (၁၄ ရက်မြောက်နေ့) တွင် လွှတ်တော်သို့ တင်သွင်းရာတွင် ထည့်သွင်း ပြောကြားထားသည်။

Most Read

Most Recent