လမ်းမတော်မြို့နယ်အတွင်းရှိ သောက်သုံးရန် မသင့်သော အဝီစိတွင်းများကို ရပ်ဆိုင်းထားဟုဆို

လမ်းမတော်မြို့နယ်အတွင်းရှိ သောက်သုံးရန် မသင့်သော အဝီစိတွင်းများကို ရပ်ဆိုင်းထားဟုဆို
Published 25 March 2018

လမ်းမတော်မြို့နယ်အတွင်းရှိ စည်ပင်မှ ဖြန့်ဝေပေးနေသည့် aသာက်သုံးရန်မသင့်သော အဝီစိတွင်းများကို ရပ်ဆိုင်းထားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မတ် ၂၃ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး (၁၇ ရက်မြောက်နေ့) တွင် ပြောကြားသည်။

လမ်းမတော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်း က “လမ်းမတော်မြို့နယ်အတွင်း ဖြန့်ဝေပေးလျက်ရှိသော သောက်သုံးရေများကို သောက်သုံးရန် သင့်/မသင့် ၊ရေအရည်အသွေး စစ်ဆေးပေးရန်နှင့် ယခုလတ်တလော သောက်သုံးရေ ဖူလုံစွာရရှိရေး သတ်မှတ်ချိန်အတိုင်း ရေဖြန့်ဝေပေးနိုင်ရေး စနစ်တကျ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည့် အစီအစဉ်၊ မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း” လွှတ်တော်၌ မေးမြန်းမှုကို မြို့တော်ဝန်က ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခုအချိန်မှာ လမ်းမတော်မြို့နယ်မှာ ရည်အရည်အသွေး စစ်ဆေးချက်အရ သောက်သုံးဖို့ မသင့်တဲ့ အဝီစိတွင်းများကို ရပ်ဆိုင်းထားပါတယ်။ အစားထိုးပေးနိုင်ဖို့ အတွက်ကိုလည်း ရေကောင်းရေသန့် ရရှိဖို့အတွက် မင်းရဲကျော်စွာလမ်း တစ်လျှောက်မှာ ရှစ်လက်မ အဝီစိတွင်း ရှစ်တွင်းနဲ့ ဗိုလ်ချုပ်လမ်းမှာလည်း ရှစ်လက်မ အဝီစိတွင်း သုံးတွင်းနဲ့ စုစုပေါင်း ၁၁ တွင်း ထားရှိပြီး ဖြစ်တဲ့အတွက် လက်ရှိ ရေပိုက်လိုင်းထဲကို အားဖြည့်ပေးနိုင်ပါတယ်”ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆိုသည်။

အချို့အဝီစိတွင်းများတွင် စိတ်မချရမှုများကို တွေ့ရပြီး ဆားငံရည် ဝင်ရောက်မှုရှိသည့် တွင်းများနှင့် သံဓာတ်များ ရှိသည့် တွင်းများကို ပိတ်ထားကာ တွင်းအသစ်များ တူးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း မြို့တော်ဝန်က ဆက်လက် ပြောကြားသည်။

ထို့ပြင်လမ်းမတော်မြို့နယ်ရှိ ကောက်မတီပိုင် အဝီစိတွင်းများမှ ရေနမူနာများကို လေးလ တစ်ကြိမ်နှင့် ကော်မတီပိုင် ရေပိုက်လိုင်းများက ရေနမူနာများကို နှစ်လတစ်ကြိမ် အလှည့်ကျ တိုင်းတာ စစ်ဆေးပေးကြောင်း၊ လာမည့်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်လည်း လမ်းမတော်မြို့နယ်မှ ရေနမူနာများကို အကြိမ်တိုးမြှင့်၍ တိုင်းတာ စစ်ဆေးပေးခြင်းကိုလည်း အစီအမံများ ရေးဆွဲပြီး ဖြစ်ကြောင်း၊ လမ်းမတော်မြို့နယ်နှင့်မြို့တွင်း မြို့နယ်များ သောက်သုံးရေ ဖူလုံစွာရရှိရန်အတွက် ကုက္ကိုလ်ဝမြစ်ရေတင် စီမံကိန်းကိုလည်း ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းမပြီးစီးခင် ကာလတွင် ရေလုံလောက်စွာ ရရှိရေးအတွက် ရေရနိုင်သည့် နည်းလမ်းဖြင့် ထည့်သွင်းစဉ်းစား လုပ်ဆောင်နေကြောင်း မြို့တော်ဝန်က ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းရေး) အောက်ရှိ ရေအရည်အသွေး ကြီးကြပ်စစ်ဆေးရေးဌာန အနေဖြင့် ကော်မတီမှ ဖြန့်ဝေပေးနေသည့် ရေများ၏ အရည်အသွေးကို စစ်ဆေးနိုင်ရန် ဓာတ်ခွဲခန်းများကို ၂၀၁၄ ခုနှစ်ကတည်းက တည်ထောင်ခဲ့ပြီး ဌာနပိုင် ရေအရင်းအမြစ်များ ဖြစ်သည့် ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကားရှိ ရေလှောင်ကန်များနှင့် ရေသန့်စင်စက်ရုံများ၊ ရေတွန်းစက်များနှင့် ရေပေးဝေရေး စခန်းတို့မှ ရေနမူနာများကို စစ်ဆေး တိုင်းတာကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်တိုင်းရှိ ၃၃ မြို့နယ်တွင်ရှိသော ကော်မတီပိုင် အဝီစိတွင်းများကို အလှည့်ကျ ဇယားဖြင့် စစ်ဆေး၍ မှတ်တမ်းပြုစုထားကြောင်း မြို့တော်ဝန်က ဆိုသည်။

ထို့ပြင် လမ်းမတော်မြို့နယ်နှင့် လသာမြို့နယ်တွင် သောက်သုံးရေ ဖူလုံစွာရရှိရန်အတွက်၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၌ ခြောက်လမ်း၊ လှည်းတန်းလမ်း၊ ခုနစ်လမ်း၊ ရှစ်လမ်း၊ ၁၃ လမ်း၊ ၁၄ လမ်းတို့တွင် ၉၀ မီလီမီတာ HDPE ပိုက်များဖြင့် အင်တာကွန်နက်ရှင်အဖြစ် ဆောင်ရွက်သည့်လုပ်ငန်း ခြောက်ခု၊ ရွှေတိဂုံဘုရားလမ်းမှ ဘုန်းကြီးလမ်းအထိ အနော်ရထာလမ်း တစ်လျှောက်တွင် ၃၁၅ မီလီမီတာ ပိုက်ဖြင့် ပေပေါင်း ၃၂၅၃ ပေ ဆက်သွယ်၍ အနော်ရထာလမ်း တစ်လျှောက်၊ ဘုန်းကြီးလမ်းမှ ၂၆၀မီလီမီတာ ပိုက်အရှည်အားဖြင့် ၂၂၂၅ ပေဖြင့် ဆက်သွယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent