ကျောက်တန်းမြို့နယ်နှင့် ဒလမြို့နယ်တွင် ငွေစက္ကူအတုများ သိမ်းဆည်းရမိ

ကျောက်တန်းမြို့နယ်နှင့် ဒလမြို့နယ်တွင် ငွေစက္ကူအတုများ သိမ်းဆည်းရမိ
Published 25 March 2018

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်နှင့် ဒလမြို့နယ်တို့တွင် ဘဏ်သို့ လာအပ်သည့် ငွေများ၌ ငွေစက္ကူအတုများ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

ပြီးခဲ့သည့် မတ် ၂၂ ရက်က ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်သို့ မသန်းသန်းအေး (၄၃နှစ်) ပါ နှစ်ဦး လာရောက် အပ်နှံသည့် ငွေများအနက်မှ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု နှစ်ရွက်အား တွေ့ရှိရ၍ မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဦးထွန်းထွန်းနိုင်မှ ကျောက်တန်းမြို့မရဲစခန်းသို့ လာရောက် အပ်နှံခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့တွင်ပင် ဒလမြို့နယ် ဗိုလ်ရန်ပြေရပ်ကွက်နေ ဦးစိုးမိုး (ခ) ဦးစိုး (၅၁ နှစ်) သည် မတ် ၂၁ ရက်က ရေခဲသေတ္တာ ဝယ်ယူစဉ် ငွေပေးချေရာ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု ကိုးရွက် တွေ့ရှိရ၍ ဒလမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့သဖြင့် ဒလမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးရာ လွန်ခဲ့သော ခုနစ်ရက်ခန့်က ကျော်လေး (၃၈ နှစ်) ထံမှ ဆိုင်ကယ်ပြင်ခ ကျပ်နှစ်သိန်း (၁၀၀၀၀ ကျပ်တန် ငွေစက္ကူ ၂၀ ရွက်) ရရှိခဲ့ရာ အဆိုပါငွေများတွင် ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု ကိုးရွက်ပါ ရှိခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကျော်လေးအား ခေါ်ယူစစ်မေးရာ လွန်ခဲ့သော ခုနစ်ရက်ခန့်က တွံတေးမြို့နယ် သံဖြူရုံကျေးရွာရှိ နာရေးအိမ်၌ ဖဲရိုက် လောင်းကစားခဲ့ရာ ၅၆၀၀၀၀ ကျပ် အနိုင်ရရှိခဲ့ကြောင်း၊ သူငယ်ချင်းဖြစ်သူ ညွန့်ဝင်းမှ ဦးစိုးမိုး (ခ) ဦးစိုးထံတွင် ဆိုင်ကယ်ပြင်ထား၍ ပြင်ဆင်ခပေးရန် ကျပ်နှစ်သိန်း အကူအညီ တောင်းခံသဖြင့် ၎င်းက ဦးစိုးမိုး (ခ) ဦးစိုးထံ ပေးချေခဲ့ကြောင်း၊ ကျန်ငွေများမှာ သုံးစွဲ၍ ကုန်သွားကြောင်း ထွက်ဆိုခဲ့ပြီး ကျော်လေး၏ ပိုက်ဆံအိတ်အတွင်းမှ ၅၀၀၀ ကျပ်တန် ငွေစက္ကူအတု တစ်ရွက် ထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် ကျော်လေးအား ဒလမြို့မရဲစခန်းက (ပ)၂၆၉/၂၀၁၈ ဗဟိုဘဏ်ပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါ ငွေစက္ကူအတုများအား မှုခင်းရဲတပ်ဖွဲ့မှ ပဏာမစိစစ်ခဲ့ရာ နိုင်ငံခြားစက္ကူ အမျိုးအစားဖြစ်ပြီး စက္ကူသား ချောနေခြင်း၊ အတုသည် အစစ်ထက် အလျားနှင့် အနံ တစ်မီလီမီတာ စီတိုခြင်း၊ အရောင် မှေးမှိန်ခြင်း၊ လုံခြုံရေးကြိုး အရောင်ပြောင်းလဲမှု မရှိဘဲ ခရမ်းရောင်သာ ပါရှိခြင်း၊ ကာလာပရင်တာနည်းဖြင့် တုပထားခြင်း၊ လျှို့ဝှက်ချက်များ မပါရှိခြင်းနှင့် ထိုင်းနိုင်ငံနယ်စပ်မှ တုပ ဝင်ရောက်လာသော ငွေစက္ကူအတုများဖြစ်ကြောင်း သိရသည်။

Most Read

Most Recent