လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသော "ယာယီသမ္မတရဲ့ မိန့်ခွန်း"ဆိုသည့် ဖော်ပြချက်နှင့် ပတ်သက်၍ ဟုတ်မှန်မှု မရှိကြောင်း သမ္မတရုံး တာဝန်ရှိသူ ပြောကြား

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသော "ယာယီသမ္မတရဲ့ မိန့်ခွန်း"ဆိုသည့် ဖော်ပြချက်နှင့် ပတ်သက်၍ ဟုတ်မှန်မှု မရှိကြောင်း သမ္မတရုံး တာဝန်ရှိသူ ပြောကြား
Published 25 March 2018

လူမှုကွန်ရက်ပေါ်တွင် "ယာယီသမ္မတရဲ့ မိန့်ခွန်း"ဆိုသည့် ပို့စ် တင်ထားသည့် အကောင့်တစ်ခုအား တွေ့ရစဉ်

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် "ယာယီသမ္မတရဲ့ မိန့်ခွန်း"ဆိုသည့် ပို့စ်နှင့် ပတ်သက်၍ ဟုတ်မှန်မှု မရှိကြောင်း The Daily Eleven သတင်းစာ၏ မေးမြန်းမှုအပေါ် သမ္မတရုံးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

"ဖြစ်စဉ်က ယာယီသမ္မတရဲ့ ပထမဆုံး မိန့်ခွန်းဆိုပြီး Facebook ပေါ်မှာ ဖြန့်နေတာပေါ့နော်။ ဖြန့်နေတော့ ယာယီသမ္မတရဲ့ ပထမဆုံး မိန့်ခွန်းဆိုပြီး လူစိတ်ဝင်စားအောင် ခေါင်းစဉ်တပ်ထားတာပေါ့။ အဓိက အကြောင်းအရာက ဘာတွေရေးထားလဲဆိုတော့ သမ္မတ ရွေးရင် ဘယ်လို ရွေးရမယ်ဆိုတဲ့ဟာမျိုးတွေ ရေးထားတာပေါ့ဗျာ။ အဲဒီတော့ ပြဿနာက ဘာလဲဆိုတော့ နံပါတ်တစ်အချက်က ဦးမြင့်ဆွေက နိုင်ငံခြားက ပြန်လာပြီးကတည်းက လူထုနဲ့ တွေ့ပြီးတော့ စကားပြောတာ မရှိဘူး။ ဒါပြည်သူကို တိုက်တွန်းတဲ့ပုံစံ ရေးထားတာကို။ လူထုနဲ့တွေ့ပြီး ပြောတာလည်း မရှိဘူး။ လူထုတွေ့ဆုံပွဲလည်း မရှိဘူး။ ဒီကြားထဲမှာ ပြောထားတာလည်း မရှိဘူး။ အဲဒီတော့ နံပါတ်တစ်အချက်က ဒုသမ္မတ ဦးမြင့်ဆွေ ပြောထားတာလည်း မဟုတ်ဘူး။ လာမည့်အပတ်မှာ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးချယ်ရေးအဖွဲ့နဲ့ ရွေးရမှာပေါ့နော်။ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မဲပေးရွေးမယ့်အချိန်မှာ ဒီဟာကို အချိန်ကိုက်ဖြန့်လာတာ တွေ့ရတယ်။ အဲဒါကြောင့်မိုလို့ မဟုတ်ကြောင်းကို ပြောချင်တယ်။ တတိယအချက်ကတော့ သမ္မတရွေးမှာက လွှတ်တော်ထဲမှာ ရွေးမှာ။ ပြည်ထောင်စု လွှတ်တော်မှာရွေးမှာ။ ဒါက ပြည်သူလူထုကနေ ရွေးတဲ့စနစ် မဟုတ်ဘူး။ ကျွန်တော်တို့ သမ္မတရွေးချယ်ရေး စနစ်က အမေရိကားတို့ အင်ဒိုနီးရှားတို့လို လူထုကနေ သမ္မတကို ရွေးတဲ့စနစ် မဟုတ်ဘူး။ အဲဒီတော့ ဒီအချိန်မှာ ဒါမျိုးတွေ ဖြန့်ဖြူးတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ကတော့ အထင်အမြင် လွဲမှားမယ်။ လူထုကြားမှာလည်း အထင်အမြင် လွဲမှားမယ်။ ဒါပဲ ဖြစ်မယ်။ ဒီအဖြေကို ပြောင်းသွားဖို့ ဘယ်လိုမှ သက်ရောက်မှု မရှိနိုင်ဘူးဆိုတာ ကျွန်တော်က အဒီလို လုပ်တဲ့သူတွေကိုလည်း ပြောချင်တယ်"ဟု ဦးဇော်ဌေးက ပြောကြားသည်။

အဆိုပါပို့စ်တွင် "ယနေ့အချိန်ကာလဟာ တိုင်းပြည်ရဲ့ အရေးအကြီးဆုံး အချိန်တစ်ခုဖြစ်တဲ့ နိုင်ငံတော်သမ္မတအသစ်တစ်ဦး ရွေးချယ်ရမယ့် အချိန်ဖြစ်နေပါတယ်။ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ လိုလားချက်ကတော့ နိုင်ငံတော်ရဲ့ အကြီးအကဲ၊ အစိုးရအဖွဲ့ရဲ့အကြီးအကဲဖြစ်တဲ့ သမ္မတစစ်စစ်ကိုသာ လိုလားပါတယ်။ ယခင်သမ္မတဟောင်း ဦးသိန်းစိန်ဟာ နိုင်ငံတော်အကြီးအကဲတာဝန်နဲ့ အစိုးရအဖွဲ့အကြီးအကဲတာဝန်ကို သူ့ကိုဆက်ခံမယ့် သမ္မတကိုသာ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်၊ တခြားသူကို လွှဲပြောင်းပေးခဲ့တာ မဟုတ်ပါဘူး။ ဒါဟာ နိုင်ငံ့သိက္ခာရဲ့ အဓိကထား ဆင်ခြင်ရမယ့် သော့ချက်ဖြစ်ပါတယ်။ ယနေ့ လွှတ်တော်အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများဟာ ပြည်သူတွေရဲ့ဘဏ္ဍာကဖြစ်လာတဲ့ ခံစားခွင့်တွေကို ရယူနေကြတာဖြစ်တဲ့အတွက် ပြည်သူ့သိက္ခာကို ထောက်ရှုဖို့၊ ပြည်သူ့ဆန္ဒမှန်ကို အလေးထား လေးစားဖို့ လိုအပ်ပါတယ်။ တိုင်းပြည်ပုံရိပ်အတွက် ကိုယ်စားလှယ်တော်ကြီးများမှာ အဓိက တာဝန်ရှိပါတယ်" ဟု အစချီ၍ ရေသားထားသည်။

ဆက်လက်ပြီး "တိုင်းပြည်ရဲ့ပုံရိပ်ကို ကောင်းမွန်စွာကိုယ်စားပြုနိုင်မယ့် သမ္မတစစ်စစ်တစ်ယောက်ကို ရဖို့ (၁) သမ္မတလောင်းဟာ ကိုယ်ကျင့်တရားကောင်းရပါမယ်၊ အညှီအဟောက်ကင်းစင်သင့်ပါတယ်၊ မြန်မာ့ဓလေ့ထုံးစံရော ကမ္ဘာ့ဓလေ့ထုံးစံမှာပါ လက်မခံတတ်ကြတဲ့ သားမှုမယားမှု ဇာတ်လမ်းဆိုး ဇာတ်လမ်းဟောင်း၊ ပုံရိပ်ဆိုး ပုံရိပ်ဟောင်းတွေလိုမျိုး မရှိသင့်ပါဘူး။ (၂) တိုင်းပြည်ရဲ့ လက်ရှိဖြစ်နေပျက်နေတဲ့ ပကတိအခြေအနေမှန်တွေကို သိတဲ့လူ ဖြစ်သင့်ပါတယ်၊ ရှေ့ကြောင်းနောက်ကြောင်း ဘယ်ကိစ္စရဲ့ အခြေခံရာဇဝင်ကဘယ်လိုဆိုတာကအစ သိတဲ့လူမှသာ ပစ္စုပ္ပန်အခြေအနေတွေနဲ့ ဆက်စပ်ပြီး တိုင်းပြည့်အနာဂတ်ကို ထိန်းသိမ်းပြုပြင်နိုင်မှာပါ။ ဘုမသိဘမသိ လူကိုရွေးမိရင် ဘုမသိဘမသိနဲ့ပဲ တိုင်းပြည်ဟာ ရှေ့ဆက်ဒုက္ခရောက်မှာ ဖြစ်ပါတယ်။ (၃) အမျိုးသားအကျိုးစီးပွားကို အကာအကွယ်ပေးနိုင်စွမ်းရှိတဲ့ ရာဇပရိယာယ် ကြွယ်ဝသူဖြစ်ရပါမယ်၊ အမျိုးဘာသာသာသနာကို မားမားမတ်မတ် အကာအကွယ်ပေးနိုင်စွမ်းရှိတဲ့လူ ဖြစ်ရပါမယ်၊ နိုင်ငံတကာနဲ့ ပြည်ပကို ကြောက်လန့်စိုးရိမ်ရင်း ကိုယ့်တိုင်းပြည်က နွံနစ်ရမယ့်အခြေအနေ ဖန်တီးသွားနိုင်တဲ့ လူမျိုးကိုရွေးမိရင် သမိုင်းက လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ဒဏ်ခတ်ပါလိမ့်မယ်။ (၄) စိတ်ရင်းစေတနာကောင်းနဲ့ တိုင်းပြည်ကို အုပ်ချုပ်မယ့်သူ ဖြစ်ရပါမယ်၊ ယနေ့တိုင်းပြည်ရဲ့ ပြည်တွင်းရေးအခြေအနေအရပ်ရပ်မှာ အဓိကကျတဲ့ တပ်မတော်အပေါ် အမှန်တကယ် ရင်းနှီးနားလည်စွာ စိတ်ရင်းထားပြီး ပူးပေါင်းဆောင်ရွက်တတ်သူမျိုး ဖြစ်ဖို့လိုပါတယ်။ တိုင်းရင်းသားတွေအပေါ် အမြတ်မထုတ်ဘဲ ရိုးရိုးသားသား သဘောထားအမှန်နဲ့ လမ်းပြဦးဆောင်နိုင်သူဖြစ်ဖို့ လိုပါတယ်" ဟု ဖော်ပြထားသည်။

နောက်ဆုံးတွင် "ဒီအချက်တွေနဲ့ သမ္မတလောင်းတွေကို ဦးစွာချိန်ထိုးစဉ်းစားပြီးမှ ရွေးချယ်ပေးပါ၊ တိုင်းပြည်အရေးနဲ့ ပါတီအရေးယှဉ်လာရင် တိုင်းပြည်အရေးကိုသာ ဦးစားပေးရမှာကို လွှတ်တော်အသီးသီးက ကိုယ်စားလှယ်တော်ကြီးများ ကောင်းစွာသဘောပေါက်ပြီး မိမိတို့ရဲ့ သိက္ခာကို ကမ္ဘာတည်သရွေ့တည်အောင် စွမ်းဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်" ဟု ရေးသားထားသည်။

အဆိုပါ ပို့စ်နှင့် ပတ်သက်၍ First Post လူမှုကွန်ရက်ပေါ် ပထမဆုံး တင်ခဲ့သည့်သူအား စုံးစမ်းနေကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

"သူတို့က Credit တွေ ပေးထားတယ်။ Credit ပေးထားတော့ အဲဒီ Credit တွေကို ကျွန်တော်တို့က ရှာခိုင်းထားတယ်။ ဘယ်ဟာက First Post လည်းဆိုတာကိုပေါ့နော်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ ထပ်ပြီးတော့ လုပ်သွားပါ့မယ်" ဟု ဦးဇော်ဌေးက ဆိုသည်။

လက်ရှိတွင် ဒုတိယသမ္မတများအဖြစ် ဦးမြင့်ဆွေ၊ ဦးဟင်နရီ ဗန်ထီးယူနှင့် ဦးဝင်းမြင့်တို့ရှိနေပြီး သမ္မတဟောင်း ဦးထင်ကျော် နုတ်ထွက်ကြောင်း ကြေညာသည့် သမ္မတရုံး၏ မတ်လ ၂၁ ရက် ထုတ်ပြန်ချက်တွင် လစ်လပ်ခဲ့သည့် နိုင်ငံတော် သမ္မတရာထူးကို အလုပ်လုပ်ရက် ခုနစ်ရက်အတွင်း ဖြည့်စွက်နိုင်ရေး အခြေခံဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဟု ဖော်ပြထားသည်။

Most Read

Most Recent