သမ္မတဟောင်း ဦးထင်ကျော်သည် ရပ်မိရပ်ဖဆန်ပြီး ဦးဝင်းမြင့်သည် နိုင်ငံရေးသမားဘဝမှလာသည့်အတွက် သမ္မတဖြစ်လာပါက အရည်အချင်းပြည့်ဝစွာ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း NLD ဗဟိုကော်မတီဝင် ပြောကြား

သမ္မတဟောင်း ဦးထင်ကျော်သည် ရပ်မိရပ်ဖဆန်ပြီး ဦးဝင်းမြင့်သည် နိုင်ငံရေးသမားဘဝမှလာသည့်အတွက် သမ္မတဖြစ်လာပါက အရည်အချင်းပြည့်ဝစွာ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း NLD ဗဟိုကော်မတီဝင် ပြောကြား
Published 25 March 2018

သမ္မတဟောင်း ဦးထင်ကျော်သည် ရပ်မိရပ်ဖဆန်ပြီး ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံထားရသည့် ဦးဝင်းမြင့်သည်  နိုင်ငံရေးသမားဘဝမှ လာသည့်အတွက် သမ္မတဖြစ်လာပါက အရည်အချင်းပြည့်ဝစွာ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်က ပြောကြားသည်။

ရန်ကုန်မြို့ Orchid Hotel ၌ မတ် ၂၄ ရက်တွင် DVB သတင်းဌာနက “သမ္မတ အသစ်က ဘယ်လိုလူမျိုးဖြစ်သင့်လဲ” ခေါင်း စဉ်ဖြင့်ပြုလုပ်သည့် Debate တွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပါတီသက်တမ်းအရလုပ်သက်ရှိတယ်။ အတွေ့အကြုံတွေလည်း များတယ်။ လွှတ်တော်မှာလည်း အတွေ့အကြုံတွေရှိတယ်။ အဲဒီလို အတွေ့အကြုံတွေများတဲ့ ပါတီအတွက်ရော၊ လွှတ်တော်အတွက်ရော အတွေ့အကြုံများတဲ့ ပုဂ္ဂိုလ်တစ်ယောက် သမ္မတဖြစ်လာမယ်ဆိုရင်တော့ သူ့ကို အများကြီးမျှော်လင့်ပါတယ်။ ပိုပြီးတော့ ထူးခြားတာကသူက နိုင်ငံရေးသမားတစ်ယောက်ဖြစ်တယ်။ အရင် သမ္မတကတော့ နိုင်ငံရေးသမားထက် လူကြီးလူကောင်း ရပ်မိရပ်ဖဆန်တဲ့ သမ္မတဗျ။ ရပ်မိရပ်ဖ သမ္မတနေရာမှာ နိုင်ငံရေးသမား သမ္မတ ဝင်လာတော့မယ်။ အဲဒီအတွက်ကြောင့် မျှော်လင့်ပါတယ်။ အရည်အချင်းပြည့်ပါတယ်”  ဟု NLD ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်က ပြောကြားသည်။

ထို့ပြင် သမ္မတတာဝန်မှ အနားယူသွားသည့် ဦးထင်ကျော်မှာ ဒေါ်အောင်ဆန်းစုကြည်အား အထောက်အပံ့ပေးသူ တစ်ယောက်အဖြစ်သာရှိနေခဲ့ပြီး ရုပ်သေးသမ္မတဟု NLD ပါတီခေါင်းဆောင်တစ်ဦးက ယခင်ကပြောခဲ့သည့်အတိုင်း ရုပ်သေးသမ္မတအဖြစ်သာ ရှိနေခဲ့ကြောင်း Debate တွင် ပါဝင်ဆွေးနွေး သူတစ်ဦးက ပြောကြားမှုအပေါ် NLD က ရွေးချယ်ခဲ့သည့် သမ္မတများသည် ရုပ်သေးသမ္မတမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည် ကိုယ်ပွားများသာဖြစ်ကြောင်း မုံရွာအောင်ရှင်က ပြန်လည်ဆွေးနွေးသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ အခန်းကဏ္ဍကို ဒီဟာကလည်း မြန်မာပြည်ရဲ့ထူးခြားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့လေ။ ဒီအခြေခံရဲ့ ကန့်သတ်မှုတွေကြောင့် ဒီလိုလုပ်ရတာပေါ့။ ပြောရလို့ရှိရင် မြန်မာ့နိုင်ငံရေး သမိုင်းရဲ့ ထူးခြားချက်အရ ဒေါ်အောင်ဆန်းစုကြည်က သမ္မတရဲ့အထက်မှာ နေရတာကိုး။ ဒီလို ကျွန်တော်ကမြင်တယ်။ နောက်တစ်ခုက တက်လာတဲ့ သမ္မတတွေဟာ စောစောက ပြောသလိုပဲ။ ရုပ်သေးရုပ်ဆိုတာတော့ ကျွန်တော်လက်မခံဘူး။ တက်လာတဲ့သမ္မတတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ပွားပဲ ဖြစ်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် တာဝန်ခွဲဝေပြီးတော့ လုပ်နိုင်မယ့်သမ္မတပဲ ဖြစ်ရမယ်လို့ ကျွန်တော်ယုံကြည်တယ်” ဟု မုံရွာအောင်ရှင်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့အား အဓိကလည်ပတ်နေသည်ဟု ယူဆရသည့်အချက်များရှိပြီး အရေးကြီးသည့် နိုင်ငံရေးအရ ဖြေရှင်းရသော နိုင်ငံရေးတွေ့ ဆုံဆွေးနွေးမှုများတွင် ဦးဆောင်မှု၌ပါဝင်နေကြောင်း၊ သို့သော် အစိုးရအဖွဲ့နှင့် ပတ်သက်၍ မည်သို့ဆုံးဖြတ်ချက်ချနေသည်ကိုမူ မသိရှိရကြောင်း၊ အစိုးရအဖွဲ့တွင် သမ္မတတစ်ယောက်အနေဖြင့် ဝင်ရောက်လည်ပတ်နိုင်သည့် အနေအထားရှိပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အစိုးရအဖွဲ့ယန္တရားတွင် ဝင်ပါလိမ့်မည်ဟု မထင်ကြောင်း လွှတ်တော်စောင့်ကြည့်လေ့လာရေးဆောင်ရွက်နေသည့် ကိုထင်ကျော်အေးက Debate တွင် ပြောကြားသည်။

“အစိုးရအဖွဲ့က လည်ပတ်နေတဲ့ဟာကတော့ ဒီသမ္မတတစ်ယောက်ကဝင်ပြီးတော့ လည်ပတ်နိုင်တဲ့ အနေအထားမှာရှိတယ်။ ကျွန်တော်တို့ လွှတ်တော်မှာမြင်ခဲ့ရတဲ့ ဦးဝင်းမြင့်က တကယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ရှိရင် မညှာဘူး။ ဆူလေ့ဆူထ ရှိတယ်။ ခပ်ကြမ်းကြမ်းကိုင်တွယ်တဲ့ သူဖြစ်တဲ့အတွက် သူက အစိုးရအဖွဲ့ကို ရောက်လာတဲ့အခါမှာလည်း အဲဒီပုံစံအရတော့ အရင်တုန်းကသမ္မတလည်း အဲဒီလိုတွေမလုပ်ခဲ့ဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ အရင်တုန်းက သမ္မတလည်း သူ့ရဲ့ပင်ကိုပုံစံအရ အစိုးရအဖွဲ့ကို လည်ပတ်ခဲ့မှာပဲ။ အခု ဦးဝင်းမြင့်ကတော့ ပိုပြီးတော့ တက်ကြွတဲ့ပုံစံ၊ ပိုပြီးတော့ ဝေဖန်ပြီးတော့ ခပ်ကြမ်းကြမ်းကိုင်တွယ်တဲ့ပုံစံနဲ့တော့ အစိုးရအဖွဲ့ကို မောင်းနှင်မယ်။ ဝန်ကြီးတွေကို မောင်းနှင်မယ်လို့တော့ ယူဆရတယ်။ အဲဒါကလည်း ဒါဖွဲ့စည်းပုံအရလည်း မကန့်ထားဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲဒီမှာဝင်ပါမယ်လို့ မထင်ဘူး။ မယူဆဘူး။ ရွေ့သွားလိမ့်မယ်။ အစိုးရယန္တရားမှာ လျော့တိလျော့ရဲမဖြစ်အောင် ပိုပြီးတော့ ကိုင်တွယ်လိမ့်မယ်လို့ထင်တယ်” ဟု ကိုထင်ကျော်အေးက ပြောကြားသည်။

ဦးဝင်းမြင့်သည် သမ္မတဖြစ်လာပါက ဒေါ်အောင်ဆန်းစုကြည်နှင့် ချိတ်တွဲဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများရှိကြောင်း၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ထူထောင်ရန် ကိစ္စအား ဆောင်ရွက်သင့်ကြောင်း၊ ပြည်သူ့ဘဏ္ဍာရေးစနစ်ကို ထူထောင်မည်ဆိုပါက ပြည်သူနှင့်အတူဆိုသည့် နိုင်ငံရေးကြွေးကြော်သံအရ ပြည်သူပါဝင်သည့် စီမံချက်များရေး ရန်လိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အနာဂတ်အမြော်အမြင်များအပေါ် ဝန်ကြီးဌာနများက လိုက်ပါဆောင်ရွက်ရန် သမ္မတသစ်က ဝင်ရောက်ကစားရန်လိုကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းများ လုပ်ပိုင်ခွင့်မသာသည့် ဖိနှိပ်ချုပ်ချယ်ထားသော ဥပဒေများကို ပြင်ဆင်သင့်ကြောင်း နိုင်ငံရေးသုတေသီ ဒေါက်တာတင်မောင်သန်းက Debate တွင် ပြောကြားသည်။

Most Read

Most Recent