RCSS နှင့် TNLA အကြား တိုက်ပွဲများတွင် တပ်မတော်အနေဖြင့် RCSS ဘက်မှ စစ်ကူတိုက်ပေးခြင်း မဟုတ်ကြောင်း JMC – U အတွင်းရေးမှူး (၂) တပ်မတော်သားကိုယ်စားလှယ် ရှင်းလင်း

RCSS နှင့် TNLA အကြား တိုက်ပွဲများတွင် တပ်မတော်အနေဖြင့် RCSS ဘက်မှ စစ်ကူတိုက်ပေးခြင်း မဟုတ်ကြောင်း JMC – U အတွင်းရေးမှူး (၂) တပ်မတော်သားကိုယ်စားလှယ် ရှင်းလင်း
Published 25 March 2018

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူမြို့နယ် နားဆိုင်းကျေးရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် လားရှိုးမြို့သို့ မတ် ၁၇ ရက်က တိမ်းရှောင်လာသူများအား တွေ့ရစဉ်

NCA ရေးထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) အကြား တိုက်ပွဲများတွင် တပ်မတော်အနေဖြင့် Rcss ဘက်မှ စစ်ကူတိုက်ပေးခြင်းမဟုတ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အတွင်းရေးမှူး (၂) တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ရှင်းလင်းပြောကြားသည်။

(၁၅) ကြိမ်မြောက် JMC-U အစည်းအဝေးကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ မတ် ၂၁ ရက်က စတင်ပြုလုပ်ခဲ့ရာ နှစ်ရက်တာ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ဗိုလ်မှူးကြီးဝဏ္ဏအောင်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

RCSS နှင့် TNLA တို့သည် မတ်လဆန်းပိုင်းမှစ၍ စစ်ရေးတင်းမာမှုများ ဖြစ်ပွားခဲ့ပြီး မတ် ၂၀ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် တပ်မတော်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အပြင် လေကြောင်းတိုက် ခတ်မှုဖြင့်လည်း RCSS ဘက်က စစ်ကူတိုက်ပေးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေသည့်အတွက် အဓိကအားဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးလာမည်ဆိုပါက NCA စာချုပ်တွင် လက်မှတ်မရေးထိုးရသေးသောအဖွဲ့နှင့် ထိတွေ့မှုများ ရှိနိုင်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးအပေါ်တွင် အခြေခံပြီး ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့များနှင့် ထိတွေ့မှုများရှိနိုင်ကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ် ကာကွယ်စောင့်ရှောက်ရမည်ဆိုသည့် အချက်နှင့်အညီ ဆောင်ရွက်ခြင်းကြောင့် ထိတွေ့မှုများ ဖြစ်ပေါ်နေကြောင်း ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောကြားသည်။

“ကိုယ်တို့အနေနဲ့ကတော့ ဘာပဲဖြစ်ဖြစ်  RCSS ဘက်က ကူတိုက်တာ မဟုတ်ပါဘူး။ တပ်မတော်အနေနဲ့ မိမိရဲ့နယ်မြေမှာ လှုပ်ရှားတပ်တွေ အမြဲတမ်းရှိပါတယ်။ လှုပ်ရှားစိုးမိုးပြီး ဆောင်ရွက်နေတာရှိပါတယ်။ လှုပ်ရှားစိုးမိုးတဲ့အချိန်မှာ တစ်ဖက်က လက်မှတ်မထိုးသေးတဲ့ သောင်းကျန်းသူအဖွဲ့နဲ့ တွေ့ရင်တော့လည်း ထိတွေ့မှုလေးတွေရှိတာပေါ့။ ဒီ RCSS ဘက်က ကူတိုက်တာမျိုး မဟုတ်ပါဘူး။ ကိုယ်တို့နယ်မြေဖြစ်တဲ့အတွက် ကျောက်မဲ၊ သီပေါ ဆိုရင်လည်း ဒါကိုယ်တို့တပ်တွေ အရင်တုန်း ကထက်တောင် သွားလာပြီးတော့ လှုပ်ရှားစိုးမိုးနယ်မြေ ဖြစ်ပါတယ်။ RCSS ကူတိုက်တာ မဟုတ်ပါဘူး။ တပ်မတော်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့ဟာကို လုပ်ဆောင်နေခြင်းပဲ ဖြစ်ပါတယ်” ဟု JMC-U အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောကြားသည်။

ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာတွင် လေယာဉ်အသုံးပြုမှုနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် လိုအပ်သလို စီမံဆောင်ရွက်ခြင်း မျိုးလည်းရှိကြောင်း ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောကြားသည်။

ရှမ်းပြည်နယ် ကျောက်မဲ၊ နမ့်ဆမ်နှင့်နမ္မတူမြို့နယ်တို့တွင် မတ် ၁၀ ရက်မှစတင်ပြီး RCSS နှင့် TNLA တို့အကြား ပဋိပက္ခများ ဖြစ်ပွားလျက်ရှိကြောင်း၊ သက်ဆိုင်ရာ အစိုးရဌာနမှ ထုတ်ပြန်သော အချက်အလက်များ အရ တိုက်ပွဲများကြောင့် မတ် ၁၈ ရက်အထိ လူဦးရေ ၁၇၀၀ နီးပါး နေရပ်စွန့်ခွာတိမ်းရှောင်နေရကြောင်း United Nations OCHA Myanmar က ထုတ်ပြန်ထားသည်။

နေရပ်စွန့်ခွာတိမ်းရှောင်သူများသည် ကျောက်မဲ၊ လားရှိုးနှင့် နမ္မတူမြို့နယ်တို့ရှိ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ နေရာများတွင် နေထိုင်ရလျက်ရှိပြီး အစိုးရအာဏာပိုင်များ၊ ပြည်တွင်းအကူအညီပေးရေး အဖွဲ့အစည်းများ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းများက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပံ့ပိုးလျက်ရှိကြောင်း၊ မတ် ၁၃ ရက်တွင် ကျောက်မဲမြို့နယ်ရှိ ရွာတစ်ရွာတွင် မော်တာကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားများသေဆုံး၊ ဒဏ်ရာရရှိမှုများရှိကြောင်း၊ အစီရင်ခံစာများလည်းရှိကြောင်း၊ ထိုဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အစီရင်ခံမှုများနှင့်စပ်လျဉ်းပြီး လွတ်လပ်စွာ စစ်ဆေးအတည်ပြု နိုင်ခြင်းမရှိသေးကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent