ရခိုင်ပြည်နယ် ရသေ့တောင်မြို့သို့ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့တောင် ဓာတ်အားလိုင်းမှတစ်ဆင့် ယနေ့တွင် ဓာတ်အားစမ်းသပ်ပို့လွှတ်မည်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့သို့ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့တောင် ဓာတ်အားလိုင်းမှတစ်ဆင့် ယနေ့တွင် ဓာတ်အားစမ်းသပ်ပို့လွှတ်မည်
Published 25 March 2018

ပုဏ္ဏားကျွန်း-ရသေ့တောင် ဓာတ်အားလိုင်းကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့သို့  ၆၆ ကေဗွီ ပုဏ္ဏားကျွန်း- ရသေ့တောင် ဓာတ်အားလိုင်းမှတစ်ဆင့် မတ် ၂၅ ရက်တွင် ဓာတ်အား စမ်းသပ်ပို့လွှတ်မည်ဖြစ်ကြောင်း စစ်တွေခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

“မနက်ဖြန်ကစပြီး ပုဏ္ဏားကျွန်း- ရသေ့တောင် ဓာတ်အားလိုင်း ၆၆ ကေဗွီလိုင်းက ဓာတ်အားစမ်းသပ် ပို့လွှတ်ပါမယ်။ မြို့ပေါ်နဲ့ ကျေးရွာတွေကတော့ မတ် ၃၁ ရက်မတိုင်ခင် လွှတ်ပါမယ်။ သြင်္ကန်မတိုင်ခင်တော့ ရွာ ၂၀ လောက် မီးရပါမယ်” ဟု စစ်တွေခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူးကြီး ဦးဇော်မိုးက မတ်လ ၂၄ ရက်က ပြောကြားသည်။

၆၆ ကေဗွီ ပုဏ္ဏားကျွန်း- ရသေ့တောင် ဓာတ်အားလိုင်းအား ဓာတ်အားစမ်းသပ်ပို့လွှတ်မည်ဖြစ်သဖြင့် ဓာတ်အားလိုင်းဖြတ် သန်းရာတစ်လျှောက် နေထိုင်သွားလာလျက်ရှိကြသော ပြည်သူများအနေဖြင့် ဓာတ်အားလိုင်းအနီး အလုပ်လုပ်ကိုင်ခြင်း၊ တာဝါတိုင်များပေါ်သို့ တက်ရောက်ခြင်းများ မပြုလုပ်ကြရန် အထူးသတိပေးနှိုးဆော်ထားသည်။

ထို့ပြင် ရသေ့တောင်မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ဆက်သွယ်ထားသော ၁၁ ကေဗွီဓာတ်အားလိုင်းများ နှင့် ၁၁ ကေဗွီဓာတ်အားခွဲရုံများကိုပါ တစ်ပါတည်း စမ်းသပ်ဓာတ်အားပို့လွှတ်မည်ဖြစ်သဖြင့် ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် ၁၁ ကေဗွီ ဓာတ်အားခွဲရုံအနီး လျှပ်စစ်အန္တရာယ် ဖြစ်ပေါ်စေတတ်သည့် ဓာတ်အားလိုင်းအနီး စွန်လွှတ်ခြင်း၊ ဓာတ်အားခွဲရုံအတွင်းသို့ ဝင်ရောက်ကြည့်ရှုခြင်း စသည်တို့ကို ရှောင်ရှားကြရန် အသိပေးနှိုးဆော်ထားသည်။

“ပြည်သူတွေအနေနဲ့ လျှပ်စစ်အန္တရာယ် ကင်းရှင်းဖို့အတွက် အိမ်မှာ ဟောင်းနွမ်းနေတဲ့  ဝိုင်ယာကြိုးတွေ မသုံးဖို့၊ ဓာတ်အားလိုင်းအနားမှာ အလုပ်မလုပ်ဖို့၊ ဓာတ်တိုင်ပေါ် တက်ကြည့်တာတွေ၊ ထရန်စဖော်မာဝင်းခြံထဲကို မဝင်ဖို့ သတိပေးထားတာဖြစ်ပါတယ်” ဟု စစ်တွေခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူးကြီး ဦးဇော်မိုးက ပြောကြားသည်။

ရသေ့တောင်မြို့ကို ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်တွင် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရယူဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း နှင့် လက်ရှိတွင် ရသေ့တောင်မြို့တွင် ၆၆/ ၁၁ ကေဗွီ ၅ MVA ဓာတ်အားခွဲရုံတစ်ခု၊ ပုဏ္ဏားကျွန်း-ရသေ့တောင် ၆၆ ကေဗွီဓာတ် အားလိုင်းတို့ကို တည်ဆောက်ထားပြီး ရသေ့တောင်မြို့နှင့် အနီးပတ်ဝန်းကျင်မှ ကျေးရွာ ၂၆ ရွာကိုလည်း လျှပ်စစ်မီးပေးနိုင်ရန် ဓာတ်အားလိုင်းသွယ်တန်းခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာ ၂၆ ရွာကို နိုင်ငံတော် ဓာတ်အားစနစ်မှ ၂၄ နာရီ ဓာတ်အားပေးနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိတွင် ပုဏ္ဏားကျွန်း-ရသေ့တောင် ၆၆ ကေဗွီဓာတ်အားလိုင်း ၂၂ ဒသမ ၅ မိုင်၊ ၆၆/ ၁၁  ကေဗွီ ၅ MVA ဓာတ်အားခွဲရုံတစ်ရုံ၊ ရသေ့တောင်မြို့ပေါ်နှင့် အနီးအနားပတ်ဝန်းကျင်ကျေးရွာ ၂၆ ရွာ (ပြည်ထောင်စု ရန်ပုံငွေနဲ့ ၁၇ ရွာ၊ ပြည်နယ်အစိုးရရန်ပုံငွေနဲ့ ကိုးရွာ) အား လျှပ်စစ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်မီးတိုးမြှင့်ရရှိရေး ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များအတွက် ၆၆ ကေဗွီဓာတ်အား လိုင်းနှင့် ဓာတ်အားခွဲရုံများတည်ဆောက် လျက်ရှိပြီး ရသေ့တောင်မြို့ကို ၂၀၁၈ ခုနှစ် မတ်လတွင်လည်းကောင်း၊ ဘူးသီးတောင်မြို့ ကို ၂၀၁၈ ခုနှစ် ဇွန်လတွင်လည်းကောင်း၊ မောင်တောမြို့ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင်လည်းကောင်း နိုင်ငံတော်ဓာတ်အား စနစ်မှ ၂၄ နာရီ ဓာတ်အားပေးနိုင်တော့မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဓာတ်အားစနစ် ရရှိလာပါက အဆိုပါ မြို့သုံးမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ လျှပ်စစ်မီးသုံးသူ အိမ်ထောင်စု ၂၇၀၄၇ စုကို နိုင်ငံတော်ဓာတ်အား စနစ်ဖြင့် ၂၄ နာရီ ဓာတ်အားပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent