မင်းလှတွင် တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီများ ထပ်မံဖမ်းမိ

မင်းလှတွင် တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီများ ထပ်မံဖမ်းမိ
Published 25 March 2018

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ်တွင် တရားမဝင်ဝင်ရောက်လာသည့် ဘင်္ဂါလီများ ထပ်မံဖမ်းမိခဲ့ပြီး ၂၃ ရက် အတွင်း ဘင်္ဂါလီလူမျိုး ၃၄ ဦးနှင့် လိုက်ပါပို့ ဆောင်သူကိုးဦးအထိ ဖမ်းမိခဲ့ကြောင်း၊ ပြီးခဲ့သည့်မတ် ၂၀ ရက်အထိ မင်းလှမြို့နယ် ရေနံမရဲစခန်းအပိုင်နေရာများတွင် တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ ၂၅ ဦးနှင့် လိုက်ပါပို့ဆောင်သူ ကိုးဦးအထိ ဖမ်းဆီးရမိခဲ့ပြီး မတ် ၂၃ ရက် ညနေပိုင်းကလည်း ဘင်္ဂါလီ ကိုးဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ဖမ်းတာ ဒါနဲ့ဆို ခြောက်ကြိမ်ရှိပါပြီ။ ဘင်္ဂါလီလူမျိုး ၃၄ ဦးနဲ့ လိုက်ပါပို့ဆောင်သူ ကိုးဦးအထိ ဖမ်းမိထားပါတယ်။ တချို့ဘင်္ဂါလီ အမှုတွေကို တရားရုံးမှာ စီရင်ချက်တွေချပြီးတာမျိုးတွေလည်း ရှိပါတယ်။ ဘင်္ဂါလီတွေကိုတော့ လဝကဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။ လိုက်ပို့တဲ့လူတွေကတော့ ရာဇသတ်ကြီးပုဒ်မ ၃၆၇ နဲ့ အမှုဖွင့်စစ်ဆေးမှုတွေ လုပ်နေပါတယ်” ဟု မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မင်းလှမြို့နယ်တွင် ပြီးခဲ့သည့်မတ် ၁ ရက်က ဘင်္ဂါလီ ငါးဦး၊ မတ် ၆ ရက်တွင် ဘင်္ဂါလီ ခုနစ်ဦးနှင့် လိုက်ပါပို့ဆောင်သူ နှစ်ဦး၊ မတ် ၁၄ ရက်တွင် ဘင်္ဂါလီ တစ်ဦး မတ် ၁၈ ရက်တွင် ဘင်္ဂါလီ နှစ်ဦး၊ မတ် ၂၀ ရက်တွင် ဘင်္ဂါလီ ၁၀ ဦး လိုက်ပါပို့ဆောင်သူ ခုနစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Most Read

Most Recent