ကော့ကရိတ်မြို့အနီး အာရှလမ်းသစ်တွင် ရပ်ထားသည့်ကုန်ကားကို ခရီးသည်တင်ယာဉ်တစ်စီးက အရှိန်ပြင်းစွာ ဝင်တိုက်မှုဖြစ်ပွားပြီး ခြောက်ဦးသေဆုံး

ကော့ကရိတ်မြို့အနီး အာရှလမ်းသစ်တွင် ရပ်ထားသည့်ကုန်ကားကို ခရီးသည်တင်ယာဉ်တစ်စီးက အရှိန်ပြင်းစွာ ဝင်တိုက်မှုဖြစ်ပွားပြီး ခြောက်ဦးသေဆုံး
Published 25 March 2018

ရပ်ထားသော ကုန်တင်ယာဉ်အား ခရီးသည်တင်ကားလေးတစ်စီးက အရှိန်ပြင်းစွာ ဝင်တိုက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဉ်

မြဝတီ-ကော့ကရိတ် အာရှ့လမ်းသစ်၊ ကော့ကရိတ်မြို့ ကျောက်ခွဲစက်အနီးတွင် ရပ်ထားသော ကုန်တင်ယာဉ်အား ခရီးသည်တင် ကားလေးတစ်စီးက မတ် ၂၃ ရက် ည ၈ နာရီက အရှိန်ပြင်းစွာ ဝင်တိုက်မှုဖြစ်ပွားပြီး ခရီးသည် ခြောက်ဦးသေဆုံးခဲ့ကြောင်း ကော့ကရိတ်ရဲစခန်းမှ သိရသည်။

မြဝတီ -ကော့ကရိတ် အာရှလမ်းကြီး မိုင်တိုင်အမှတ် 139km နှင့် 141km ကြား ကျောက်ခွဲစက်အနီးတွင် မတ် ၂၃ ရက် ည ၈ နာရီ မြဝတီဘက်မှ ကော့ကရိတ်ဘက်သို့ အာရှလမ်းမကြီးအတိုင်းယာဉ်မောင်း မှုံကြီး (ခ) ငွေလင်းအောင် ၃၆ နှစ် (ဘ) ဦးဖေးအောင် ထုံးအိုင်ကျေးရွာ ဘားအံမြို့နယ် နေသူသည်  ယာဉ်မောင်းပါ ကျားငါးဦး မလေးဦး ပေါင်းကိုးဦး တင်ဆောင်မောင်းနှင် လာသော 9G/9006 အော်တစီခဲရောင်သည် အခင်းဖြစ်နေရာသို့ အရောက်တွင်  ရှေ့မှရပ်ထားသော ကုန်တင်ကားတစ်စီးအား အရှိန်ပြင်းစွာ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ ကော့ကရိတ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထူးအောင်ရွှေ နှင့် နယ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ အမှတ် ၇၁ ယာဉ် ထိန်းရဲတပ်စုမှ ရဲအုပ်သိန်းနိုင်ရွှေနှင့် ရဲတပ်ဖွဲ့ဝင်များ သက်သေလူကြီးများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အော်တစီ (ခဲ) ယာဉ်မှာအမိုးလန်သွားပြီး လေအိတ်များ ပွင့်ထွက်ကာ ယာဉ်ပေါ်လိုက်ပါလာသူ ကိုးဦးတွင် ကျားလေးဦး၊ မတစ်ဦးနှင့် ရပ်ထားသော ကုန်တင်ကားကြီးမှ ဂျမ်းတုံးလိုက်ခုသူ နေရပ်/ လိပ်စာအမည်မသိသူ ကျားတစ်ဦး အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူများမှာ ကရင်ပြည်နယ် ဘားအံမြို့နယ် ထုံးအိုင်ကျေးရွာနေသူများ ဖြစ်ကြသော ယာဉ်မောင်း မှုံကြီး ၊ သန်းထိုက်အောင်၊ စည်သူဟိန်း၊ သျှမ်းထိုက်၊ မဂျူးသက်ချယ်နှင့် ကားကြီးအောက်၌ ဂျမ်းတုံးခုနေသော အမည်မသိသူတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့်  သေဆုံးသူများနှင့် ဒဏ်ရာရရှိသောလူနာများအား ကော့ကရိတ်မြို့ လူမှုကယ်ဆယ်ရေးအသင်းသားများက ပြည့်သူဆေးရုံကြီးသို့ အချိန်မီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်၊၊

အဆိုပါယာဉ်တိုက်မှုနှင့် ပတ်သက်၍ ရပ်ထားသည့်ယာဉ်အား အရှိန်ပြင်းစွာ ဝင်ရောက်တိုက်ပြီး မိမိ အပါအဝင်သူ တစ်ပါးပါ သေဆုံးအောင်ထိ ယာဉ်အား မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်းမှုံကြီး (ခ)ငွေလင်းအောင်အား ကော့ကရိတ်မြို့မ ရဲစခန်းမှ ယာဉ်(ပ) ၂၁/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၇၉/ ၃၄၈/ ၃၀၄- က ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent