ဒဂုံမြောက်မြို့နယ် ပြည်ထောင်စုလမ်းမပေါ်တွင် လမ်းလျှောက်နေသူတစ်ဦး ယာဉ်တိုက်ခံရပြီး သေဆုံး

ဒဂုံမြောက်မြို့နယ် ပြည်ထောင်စုလမ်းမပေါ်တွင် လမ်းလျှောက်နေသူတစ်ဦး ယာဉ်တိုက်ခံရပြီး သေဆုံး
Published 25 March 2018

ဒဂုံမြောက်မြို့နယ် ပြည်ထောင်စုလမ်းမပေါ်တွင် လမ်းလျှောက်နေသူတစ်ဦး ယာဉ်တိုက်ခံရသဖြင့် သေဆုံးမှု မတ် ၂၄ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း မေတ္တာသင်္ဂဟ သာရေး/ နာရေးကူညီမှုအသင်းမှ စုံစမ်းသိရသည်။

မတ် ၂၃ ရက် ည ၁၂ နာရီခွဲခန့်တွင် ဒဂုံမြောက်မြို့နယ် ပြည်ထောင်စုလမ်းမ အားကစားကွင်းရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် မေတ္တာသင်္ဂဟသာရေး/ နာရေးကူညီမှုအသင်းမှ သွားရောက်ကူညီမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ သွားရောက်ကူညီရာ အခင်းဖြစ်နေရာ၌ အမျိုးသားတစ်ဦးမှာ ယာဉ်တိုက်ခံရသဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း အမျိုးသမီးတစ်ဦးမှာလည်း ယာဉ်တိုက်ခံရသဖြင့် ဒဏ်ရာများရရှိနေသည်ကို တွေ့ရှိခဲ့ရကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခင်းဖြစ်နေရာမှာတော့ အမျိုးသားတစ်ဦးကို ဗိုက်ပွင့်ပေါင်ကျိုးဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်။ အမျိုးသမီးတစ်ဦးကတော့ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာတွေ ရရှိထားပါတယ်” ဟု မေတ္တာသင်္ဂဟသာရေး/ နာရေးကူညီမှု အသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၎င်းက ဆက်လက်၍ “ယာဉ်တိုက်ခံရတဲ့ အမျိုးသားနဲ့အမျိုးသမီးက ကားလမ်းကြောင်းကို ကျောခိုင်းပြီးလျှောက်လာတာ။ အဲဒီအချိန်မှာ ယာဉ်တစ်စီးက ဝင်တိုက်မိတာ။  သေဆုံးခဲ့တဲ့ အမျိုးသားက ကားအောက်မှာ ငြိပါသွားတာ။ တိုက်သွားတဲ့ကားက လိုက်ထရပ်လို့ အနီးပတ်ဝန်းကျင်က ပြောကြတယ်။ တိုက်မိပြီးထွက်ပြေးသွားတယ်” ဟု ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာ ရဲစခန်းမှ အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent