မလေးရှားတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ၆၀ ကျော်ကို နေရပ်ပြန်ပို့ရန် စိစစ်နေ

မလေးရှားတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ၆၀ ကျော်ကို နေရပ်ပြန်ပို့ရန် စိစစ်နေ
Published 25 March 2018

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၆၀ ကျော်ကို နေရပ်ပြန်ပို့နိုင်ရန် စိစစ်နေကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက မတ် ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။

မလေးရှားနိုင်င်ငံရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေးစခန်းဖြစ်သည့် Pekan Nenas နှင့် Melaka တို့တွင် အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအား နေရပ်သို့ အမြန်ဆုံးပြန်လည်ထွက်ခွာနိုင်ရန် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးဝန်ထမ်းများသည် သက်ဆိုင်ရာ ထိန်းသိမ်းရေးစခန်းများသို့ သွားရောက်၍ စစ်ဆေးမေးမြန်းခြင်းများပြုလုပ်၍ နိုင်င်ငံသားစိစစ်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့သည်။

မြန်မာသံရုံးဝန်ထမ်းများက မတ် ၂၁ ရက်တွင် Pekan Nenas  လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း၌ ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားဟုဆိုသူ အမျိုးသား ၃၄ ဦးကို တွေ့ဆုံခဲ့ပြီး မတ် ၁၉ ရက်တွင် Melaka စခန်းတို့တွင် မြန်မာနိုင်ငံသားဟုဆိုသူ အမျိုးသား ၃၅ ဦးကို တွေ့ဆုံ၍ ၎င်းတို့၏ အခက်အခဲများ၊ ကျန်းမာရေး၊ လူမှုရေး အခြေအနေများကိုမေးမြန်း၍ မြန်မာနိုင်ငံသား ဟုတ်။ မဟုတ် လိုအပ်သည့်အချက်အလက်များကို စိစစ်မေးမြန်းခဲ့သည်။

ထိန်းသိမ်းခံထားရသူများကို မြန်မာသံရုံးက စိစစ်ပြီးနောက် အချက်အလက် ပြည့်စုံမှန်ကန်စွာတင်ပြနိုင်သည့် မြန်မာနိုင်ငံသား မှန်ကန်သူများ၊ မြန်မာနိုင်ငံသို့ ပြန်လိုသူများကို နေရပ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အချက်အလက်ပြည့်စုံမှန်ကန်စွာ မတင်ပြနိုင်သဖြင့် လတ်တလောနိုင်ငံသား မှန်ကန်ကြောင်းအတည်ပြုနိုင်ခြင်း မရှိသေးသူများရှိပါကလည်း မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်သွယ်၍ အတည်ပြုချက်ရရှိရန်ဆောင်ရွက်ပေးလျက်ရှိကြောင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။

Most Read

Most Recent