ဦးကိုနီအမှုှုနှင့်ပတ်သက်၍ စွဲချက်တင်ခံထားရသူများအား စစ်ဆေးသည့်မေးခွန်းများ မေးမြန်းရာတွင် ကိုယ်တိုင်မေးမြန်းနိုင်ရန် ရှေ့နေချုပ်ထံမှ အမိန့်တောင်းခံထားဟု တရားလိုဘက်မှရှေ့နေဆို

ဦးကိုနီအမှုှုနှင့်ပတ်သက်၍ စွဲချက်တင်ခံထားရသူများအား စစ်ဆေးသည့်မေးခွန်းများ မေးမြန်းရာတွင် ကိုယ်တိုင်မေးမြန်းနိုင်ရန် ရှေ့နေချုပ်ထံမှ အမိန့်တောင်းခံထားဟု တရားလိုဘက်မှရှေ့နေဆို
Published 25 March 2018

ဦးကိုနီအမှုနှင့်ပတ်သက်၍ စွဲချက်တင်ခံထားရသူများဖြစ်သည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့အား မေးခွန်းမေးရာတွင် ဥပဒေအရာရှိမှတစ်ဆင့် မေးမြန်းခြင်းမဟုတ်ဘဲ ကိုယ်တိုင်မေးမြန်းခွင့်ပေးရန် ပြည်ထောင် စုရှေ့နေချုပ်ရုံးမှ ရှေ့နေချုပ်ထံသို့ ခွင့်ပြုမိန့်တောင်းခံထားကြောင်း တရားလိုဘက်မှရှေ့နေတစ်ဦးဖြစ်သူ ဦးခင်မောင်ဌေး (တရားလွှတ်တော်ရှေ့နေ) က ပြောကြားသည်။

“ကျွန်တော်တို့လည်း ကိုယ်တိုင်ကိုယ်ကျ စစ်နိုင်ဖို့အတွက်ကို တင်ပြထားတာရှိပါတယ်။ အထက်ကလည်း ညှိနှိုင်းပြီးတော့ တစ်စုံတစ်ရာ ဆုံးဖြတ်ချက်ပေးမှာပါ။ သူတို့လည်း ညွန်ကြားပြီးပြီလို့တော့ ကျွန်တော်တို့လည်း သိရပါတယ်။ သို့သော်လည်း အခုချိန်ကဒါပြော လို့မရသေးတဲ့အချိန်မို့လို့ မပြောပါရစေနဲ့” ဟု ဦးခင်မောင်ဌေးက ပြောကြားသည်။

လက်ရှိတွင် အဆိုပါအမှုကို တရားလို ဘက်မိသားစုများထံမှ ကိုယ်စားလှယ်လွှဲစာယူထားသည့် ရှေ့နေများက စစ်ဆေးရာတွင် ခရိုင်ဥပဒေအရာရှိမှတစ်ဆင့် စစ်ဆေးနေရကြောင်း သိရသည်။ ထိုသို့ တစ်ဆင့်စစ်ဆေးနေရခြင်းမှာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၃ အရ ဥပဒေအရာ ရှိလက်အောက်မှ လိုက်ပါဆောင်ရွက်ရခြင်းဖြစ်ကြောင်း တရားလိုဘက်မှရှေ့နေများက ဆိုသည်။

“ကိုယ်တိုင်တော့ စစ်ချင်တာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုရင် ဦးနေလတို့ ကျွန်တော်တို့တွေဟာ ပရော်ဖက်ရှင်နယ်ပါ။ အဲဒီတော့ အယူအဆပိုင်းမှာ နည်းနည်းတော့ ကွာလိမ့်မယ်ထင်တယ်။ နောက်တစ်ခုက ဥပဒေအရာရှိတွေ တာဝန်အရမ်းများပါတယ်။ ဒီအမှုတင် မကပါဘူး။ အခြားအာရုံစိုက်ရတဲ့အမှုတွေ အများကြီးရှိနေတယ်။ အဲဒီအခါမှာ ကျွန်တော်တို့က သူတို့ကိုကူညီမယ် နောက်တစ်ခုက ပရော်ဖက်ရှင်နယ်တွေ ဖြစ်နေတဲ့အတွက် ကျွန်တော်တို့စစ်ခွင့်ရှိရင်လည်း ကျွန်တော်တို့ စစ်မယ်။ သို့သော်အဖြေဘယ်လို ထွက်မလဲဆိုတာ ကျွန်တော်တို့လည်း မပြောတတ်ဘူး” ဟု ဦးခင်မောင်ဌေးက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ဦးကိုနီလုပ်ကြံခံရမှုကို တရားလိုဘက်၌ ဥပဒေအရာရှိများအပြင် နစ်နာသူမိသားစုများဘက်မှ ဦးကိုနီ၏ရှေ့နေအဖြစ် ဦးနေလ၊ ဦးခင်မောင်ဌေးတို့ လိုက်ပါဆောင်ရွက်နေပြီး၊ ဦးနေဝင်း၏ ရှေ့နေအဖြစ် ဦးရောဘတ်စန်းအောင်တို့က လိုက်ပါဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ မြောက်ပိုင်းခရိုင်တရားရုံး၌ စွဲဆိုထားသည့် လူသတ်မှုအမှုတွဲနှင့် လက်နက်မှုအမှုတွဲတို့အတွက် အမှုစတင်စစ်ဆေးစဉ်မှ လက်ရှိအချိန်အထိ တရားလိုအပါအဝင် တရားလိုပြသက်သေ စုစုပေါင်းသက်သေ ၇၉ ဦးတို့အား စစ်ဆေးပြီးစီးခဲ့ပြီး ပြန်ခေါ်သက်သေ ၃၇ ကိုလည်း စစ်ဆေးပြီးစီးခဲ့သည်။

အမှုနှင့်ပတ်သက်၍ ပုဒ်မအသီးသီးဖြင့် စွဲချက်တင်ခံထားရသည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့၏ ကိုယ်တိုင်ထွက်ဆိုချက်များကို လာမည့်ရုံးချိန်းအတွင်း၌ စစ်ဆေးနိုင်ဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent