လှိုင်မြို့နယ်တွင် ဖမ်းမိသည့် နိုင်ငံခြားဖြစ်အရက်မျိုးစုံ အတုပြုလုပ်သူများ၏ ဖော်ထုတ်ချက်အရ အရက်တုရောင်းချသူများကို ထပ်မံဖော်ထုတ်ဖမ်းဆီးရမိ

လှိုင်မြို့နယ်တွင် ဖမ်းမိသည့် နိုင်ငံခြားဖြစ်အရက်မျိုးစုံ အတုပြုလုပ်သူများ၏ ဖော်ထုတ်ချက်အရ အရက်တုရောင်းချသူများကို ထပ်မံဖော်ထုတ်ဖမ်းဆီးရမိ
Published 24 March 2018

အောင်ဖြိုးနေလင်းနှင့် သက်သေခံပစ္စည်းများအား တွေ့ရစဉ်(ဓာတ်ပုံ-ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့)

လှိုင်မြို့နယ်အတွင်း ဖမ်းဆီးရမိသော နိုင်ငံခြားအရက်မျိုးစုံအတုပြုလုပ်မှုမှ ပြစ်မှုကျူးလွန်သူများအား စစ်ဆေးရာမှ အရက်အတုရောင်းချသူများကို ထပ်မံဖော်ထုတ် ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က မတ် ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

မတ် ၁၇ ရက် မွန်းလွဲ ၃ နာရီအချိန် လှိုင်မြို့နယ်၊ ပိတောက်ချောင်းနယ်မြေရဲစခန်းမှူးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ လှိုင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ရတနာ မွန်(၂)လမ်း၊ အမှတ်(၁၃)နေအိမ်ခြံဝင်း အတွင်း နိုင်ငံခြားဖြစ်အရက်မျိုးစုံကို ရောစပ်အတုပြုလုပ်နေကြောင်း သတင်းအရ သွားရောက်ခဲ့ရာ အမှတ်(၅)ရပ်ကွက်၊ ရတနာမွန် (၃)လမ်းထိပ်အရောက် ယာဉ်မောင်း ထိန်လင်း(၃၆နှစ်) မောင်းနှင်လာသော ယာဉ်အမှတ် FF/---- Fielder အနက်ရောင်ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင် နိုင်ငံခြားဖြစ် အရက်မျိုးစုံအတုပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများကို ရှာဖွေတွေ့ရှိ၍ စစ်မေးရာ အမှတ်(၅)ရပ်ကွက်၊ ရတနာပုံ(၃)လမ်း၊ ခြံအမှတ်(၅၀)နေ ဦးတင်ထွန်း(၅၂နှစ်) ဆိုသူက စေခိုင်း၍ သယ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ပူးပေါင်းအဖွဲ့သည် ဦးတင်ထွန်းနေထိုင်သည့် နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နိုင်ငံခြားဖြစ်အရက်မျိုးစုံ ၁၃၆ ဖာနှင့်ဆက်စပ်ပစ္စည်းတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် နိုင်ငံခြားဖြစ်အရက်မျိုးစုံ အတုပြုလုပ်သူ ဦးတင်ထွန်းနှင့် ယာဉ်ဖြင့် သယ်ဆောင်သူ ထိန်လင်းတို့အား ပိတောက်ချောင်းနယ်မြေရဲစခန်း (ပ) ၁၇၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၈၆ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည်။

ထိန်လင်း၏ဖော်ထုတ်ချက်အရ အရက်တုများအား မြောက်ဥက္ကလာပမြို့နယ် (စ) ရပ်ကွက်နေ ကိုသက်(ခ)သက်ထွန်းနိုင် (၄၇ နှစ်)ကပို့ဆောင်ခိုင်းကြောင်း ထပ်မံပေါ်ပေါက် ၍ ကိုသက်(ခ)သက်ထွန်းနိုင်အား မတ် ၂၁ ရက် ည ၇ နာရီခန့်တွင် မြောက်ဥက္ကလာပမြို့နယ် (ဋ)ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့သည်။

ကိုသက်(ခ)သက်ထွန်းနိုင်အား စစ်ဆေးရာ ၎င်းသည် ၂၀၁၇ ခုနှစ် စက်တင်ဘာမှစ၍ ဦးတင်ထွန်းနှင့်အတူ အရက်တုလုပ်ငန်းအား ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း၊ အရက်ပုလင်းအဟောင်းများ၊ တံဆိပ်၊ ပုလင်းအဖုံး နှင့်အရက်ဖာများအား ဦးတင်ထွန်းက မန္တလေးမြို့နေ ဒေါ်မာမာဦးထံမှ မှာယူခဲ့ကြောင်း၊ နိုင်ဝင်း၊ အောင်ကျော်တို့မှ အရက်ရောစပ်သည့် အလုပ်အားလည်းကောင်း၊ ထိန်လင်း၊ ရဲလင်းအောင်၊ ကျော်သူလွင်တို့မှ ပုလင်းအလွတ်များ ဆေးကြောခြင်းနှင့် ပုလင်းများတွင် တံဆိပ်များကပ်သည့်အလုပ်ကိုလည်းကောင်း၊ သန့်ရှင်းရေးအလုပ်ကို ဇော်လင်းမှလည်းကောင်း လုပ်ကိုင်ခဲ့ကြပြီး ပုလင်းအဖုံးများ ဖုံးသည့်အလုပ်ကို ဦးတင်ထွန်းကိုယ်တိုင်လုပ်ခဲ့ကြောင်း၊ အလုပ်သမားအားလုံးမှ အရက်များအား ပုလင်းများထဲသို့ ဝိုင်းထည့်သည့် အလုပ်ကို လုပ်ကိုင်ခဲ့ပြီးနောက် အဆိုပါအရက်ပုလင်းများအား ဦးတင်ထွန်း ငှားရမ်းနေထိုင်သည့် လှိုင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ရတနာမွန်(၂)လမ်း၊ အမှတ်(၁၃)နေအိမ်တွင် သိုလှောင်ထားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဦးတင်ထွန်းအား ထပ်မံစစ်ဆေးရာ အရက်တုများကို မန္တလေးမြို့နေ ဒေါ်မာမာဦးထံသို့ အဝေးပြေးကားဂိတ်မှတစ်ဆင့် အကြိမ်ကြိမ်ပေးပို့ရောင်းချခဲ့ကြောင်း၊ လှိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဘူတာရုံလမ်းရှိ သင်္ဂီစတိုးဆိုင်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ မင်္ဂလာမွန်ဈေးမြေညီ ထပ်၊ ဆိုင်အမှတ်(၄)ရှိ ကိုထွန်းအောင်၏ စားသောက်ကုန်နှင့်အဖျော်ယမကာ ရောင်းဝယ်ရေးဆိုင်သို့ ရောင်းချခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ ပေါ်ပေါက်ချက်အရ မတ် ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် ပူးပေါင်းအဖွဲ့က လှိုင်မြို့ နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဘူတာရုံလမ်းရှိ သိင်္ဂီစတိုးဆိုင်သို့ ဝင်ရောက်ရှာဖွေရာ အရက်အတုများဝယ်ယူထားသူ သင်္ဂီစတိုးဆိုင်ပိုင်ရှင် အောင်ဖြိုးနေလင်း (၄၂ နှစ်) အား တွေ့ရှိပြီး ဆိုင်အတွင်းမှ Red Label 1 liter ၁၄ လုံးနှင့် .75 liter (၁၅) ၊ Black Label 1 liter ၁၉ လုံးနှင့် .75 liter နှစ်လုံး ၊ Double Black Label 1 liter ၁၉ လုံး၊ Chivas 1 liter ခြောက်လုံး၊  DUNFIFE 2 liter ရှစ်လုံးနှင့် 1 liter ၂၃ လုံး ၊ High Commissioner 2 liter တစ်လုံး၊ 1 liter ခြောက်လုံး၊  .70 liter ကိုးလုံး၊ ရှစ်ပက်ပြား ခုနစ်ပြား၊ လေးပက်ပြား ငါးပြား၊ DUNFIFE ရှစ်ပက်ပြား ၃၂ ပြား၊ လေးပက်ပြား ၁၃ ပြားတို့အား သိမ်းဆည်းရမိခဲ့သည်။ ပူးပေါင်းအဖွဲ့က မွန်းလွဲ ၃ နာရီအချိန် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ မင်္ဂလာမွန်ဈေးမြေညီထပ်၊ ဆိုင်အမှတ်(၄)သို့ ဝင်ရောက်ရှာဖွေရာ ကိုထွန်းအောင်၏ ဇနီး ဒေါ်စန်းစန်းမော် (၅၉ နှစ်) အားတွေ့ရှိ ပြီး ဆိုင်အတွင်းမှ အရက်တုများဖြစ်ကြောင်း သိရှိလျက် ဦးတင်ထွန်းထံမှ ဝယ်ယူထားသည့်  High Commissioner တံဆိပ်၊ အရက်ပုလင်းခြောက်လုံးပါ ကတ္တူဖာတစ်ဖာ၊ အရက်ပုလင်း ၁၂ လုံးပါ ကတ္တူဖာငါးဖာ၊ အရက်ပုလင်း ၁၀ လုံးပါ ကတ္တူဖာတစ်ဖာ၊ DUNFIFE တံဆိပ် အရက်ပုလင်း ၁၂ လုံးပါ ကတ္တူဖာ ခြောက်ဖာ၊ အရက်ပုလင်းပြား ၂၄ ပြားပါ တို့အား သိမ်းဆည်းရမိခဲ့သည်။ အရက်အတုလုပ်ငန်းတွင်လုပ်ကိုင်သူ ရဲလင်းအောင်၊ ကျော်သူလွင်၊ ဇော်လင်း၊ နိုင်ဝင်း၊ အောင်ကျော်နှင့်အရက်ပုလင်းအဟောင်းများ၊ တံဆိပ်၊ ပုလင်းအဖုံးနှင့် အရက်ဖာများပေးပို့ပြီး အရက်အတုများဝယ်ယူခဲ့သူ မန္တလေးမြို့နေ ဒေါ်မာမာဦးတို့အား ဖမ်းဆီးရမိရေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

“အရင်က အရက်အတုတွေ ဖမ်းမိလို့ အမှုဖွင့်ထားတဲ့ အမှုနဲ့ဆက်စက်တဲ့ဟာတွေ ကိုသွားပြီး ရှာဖွေတာတွေ၊  သိမ်းဆည်းတာတွေလုပ်နေပါတယ်” ဟု ပိတောက်ချောင်း နယ်မြေရဲစခန်း တာဝန်ရှိရဲအရာရှိက ပြောကြားသည်။

Most Read

Most Recent