အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် စုံစမ်းစစ်ဆေးရေး လုပ်ထုံးလုပ်နည်းအပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ကော်မရှင်ရုံးဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ်စည်းမျဉ်း (Code of Conduct) ဧပြီလအတွင်း ထုတ်ပြန်မည်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် စုံစမ်းစစ်ဆေးရေး လုပ်ထုံးလုပ်နည်းအပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ကော်မရှင်ရုံးဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ်စည်းမျဉ်း (Code of Conduct) ဧပြီလအတွင်း ထုတ်ပြန်မည်
Published 24 March 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် စုံစမ်းစစ်ဆေးရေး လုပ်ထုံးလုပ်နည်းအပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့်ကော်မရှင်ရုံးဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ်စည်းမျဉ်း (Code of Conduct) ကို ဧပြီလအတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးသည့်အမှုများတွင် စံထားလိုက်နာကျင့်သုံးရမည့် စုံစမ်းစစ်ဆေးရေး လုပ်ထုံးလုပ်နည်း စာစောင်ပြုစုရေး အလုပ်ရုံဆွေးနွေးပွဲကို မတ် ၂၂ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါအခမ်းအနားတွင်  မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ကော်မရှင်၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်  အဂတိလိုက်စားမှု တားဆီးကာကွယ် တိုက်ဖျက်ရေးပင်ဖြစ်ကြောင်း၊ တိုင်စာများကို စုံစမ်းစစ်ဆေးသည့်အပြင် ကြိုတင်တားဆီးကာ ကွယ်ရေးလုပ်ငန်းများကိုလည်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကော်မရှင်သည် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျင့်ဝတ်သိက္ခာနှင့်အညီ တာဝန်ယူမှု တာဝန်ခံမှုရှိရှိနှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးရေး လုပ်ထုံးလုပ်နည်းပြုစုခြင်းသည် ကော်မရှင်၏ လုပ်ငန်းတာဝန်များကို တာဝန်ယူမှု တာဝန်ခံမှုရှိစွာ ဆောင်ရွက်နိုင်ရေးအတွက် အလွန်အရေးကြီးသည့်လုပ်ငန်းဖြစ်ကြောင်း ဥက္ကဋ္ဌဦးအောင်ကြည်က ဆိုသည်။

စုံစမ်းစစ်ဆေးရေး လုပ်ထုံးလုပ်နည်းပြုစုရာတွင် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့်အညီ  တိကျခိုင်မာစွာ ရေးသားရန်လိုအပ်သည့်အပြင် ရေးဆွဲပြီးသော လုပ်ထုံးလုပ်နည်းကို လက်တွေ့ကျင့်သုံး အကောင်အထည်ဖော် ဆောင်နိုင်ရန်လိုအပ်ကြောင်း၊ စုံစမ်းစစ်ဆေးရေး လုပ်ထုံးလုပ်နည်းကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ရေးဆွဲခဲ့ရာ အပြီးသတ်ညှိနှိုင်းသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲပြီးဆုံးပါက  မကြာမီ ထုတ်ပြန်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် စုံစမ်းစစ်ဆေးရေး လုပ်ထုံးလုပ်နည်းအပြင် ကော်မရှင်နှင့်ကော်မရှင်ရုံးဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ်စည်းမျဉ်း (Code of Conduct) ကိုလည်း ရေးဆွဲလျက်ရှိရာ ဧပြီလအတွင်း ပြည်သူလူထု သိရှိနိုင်ရန် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေး သွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။

၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်ကာလအတွင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ကိုယ်ကျင့်သိက္ခာ မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ တွင် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်နှင့် UNDP တို့ ပူးပေါင်းဆောင် ရွက်မည့်အကြောင်းအရာများကိုလည်း ဆွေးနွေးထားကြောင်း သိရသည်။

Most Read

Most Recent