စနစ်တစ်ခုပြောင်းရန်အတွက် ပေးဆပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို တန်ဖိုးထား အသိအမှတ်မပြုပါက အမျိုးသားပြန်လည်သင့်မြတ်ရေးကဲ့သို့ ကိစ္စရပ်များကို အယုံအကြည်မရှိကြောင်း ဦးကိုကိုကြီး ပြောကြား

စနစ်တစ်ခုပြောင်းရန်အတွက် ပေးဆပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို တန်ဖိုးထား အသိအမှတ်မပြုပါက အမျိုးသားပြန်လည်သင့်မြတ်ရေးကဲ့သို့ ကိစ္စရပ်များကို အယုံအကြည်မရှိကြောင်း ဦးကိုကိုကြီး ပြောကြား
Published 24 March 2018

‘Memory of the Past’ ဟု အမည်ပေးထားသည့် ဓာတ်ပုံပြခန်းတွင် ကြည့်ရှုနေသူများအား တွေ့ရစဉ် (Photo: AAPP)

စနစ်တစ်ခုပြောင်းရန်အတွက် ပေးဆပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို တန်ဖိုးထား အသိမှတ်မပြုပါက အမျိုးသား ပြန်လည်သင့်မြတ်ရေးကဲ့သို့ ကိစ္စရပ်များကို အယုံအကြည်မရှိကြောင်း ရှစ်လေးလုံးပါတီ ဖြစ်မြောက်ရေးဦးဆောင်အဖွဲ့တာဝန်ခံ ဦးကိုကိုကြီးက ပြောကြားသည်။

‘Memory of the Past’ ဟု အမည်ပေးထားသည့် အကျဉ်းထောင်၊ နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းသားများ၏ ဘဝကိုထင်ဟပ်စေသည့် ဓာတ်ပုံပြခန်းဖွင့်ပွဲနှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဖွဲ့စည်းတည်ထောင်ခြင်း (၁၈) နှစ်ပြည့်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်ရှိ AAPP ရုံးခန်းတွင် မတ် ၂၃ ရက်ကပြုလုပ်ခဲ့ပြီး အခမ်းအနား၌ ဦးကိုကိုကြီးက အမှတ်တရစကားပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“လူ့အဖွဲ့အစည်းမှာ စနစ်တစ်ခုကနေတစ်ခုကို ပြောင်းဖို့အတွက် ပေးဆပ်ခဲ့တဲ့ စွန့်လွှတ်ခဲ့တဲ့သူတွေ အဲဒီနိုင်ငံရေးအကျဉ်းသားအဟောင်းတွေကို ဒီလူ့အဖွဲ့အစည်းကမှ တန်ဖိုးမထားရင် အသိမှတ်မပြုရင် ကျွန်တော်တော့ အယုံအကြည်မရှိဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ဘာတို့ဆိုတဲ့ကိစ္စကို။အတိတ်မရှိတဲ့လူမျိုးဟာ အနာဂတ်မရှိဘူးလို့ ကျွန်တော်တို့ အဲဒီလို ဆိုရိုးစကားရှိပါတယ်။ ပြီးခဲ့တာတွေ ပြီးပါစေတော့လို့လွယ်လွယ်ကူကူလေး ပြောလိုက်တဲ့စကားက သိပ်တာဝန်မဲ့ လွန်းအားကြီးပါတယ်။ ကျွန်တော်တို့လည်း ပြန်လှန်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ပြန်ပြီး လက်စားချေဖို့ ရည်ရွယ်ချက်မရှိဘူး။ သို့သော် ဖြတ်သန်းခဲ့တဲ့ဘဝတွေနဲ့ သူတို့ရဲ့ပေးဆပ်မှု တွေနဲ့ပတ်သက်လို့ကတော့ ထိုက်ထိုက်တန်တန် အသိအမှတ်ပြုဖို့ တာဝန်ရှိတယ်လို့ ကျွန်တော်တော့ ဒီလိုပဲ ခံယူပါတယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများ၏  စိတ်၊ ခန္ဓာဒဏ်ရာများကို ကုစားပေးသည့်ကိစ္စကို နိုင်ငံတကာတွင် ကျယ်ကျယ်ပြန့်ပြန့်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခခံစားရသည့်သူများ၊ လူလုပ်သည့် ဘေးအန္တရာယ်ကြောင့် ဒုက္ခခံစားရသူများကို လူမှုစီးပွား၊ ကျန်းမာရေးနှင့်ဆိုင်သော အကူအညီများပေးသည့်ကိစ္စမှာ နိုင်ငံတကာတွင် ဘာသာရပ်ကြီးတစ်ခုအနေဖြင့် လေးလေးနက်နက် လုပ်ဆောင်ကြကြောင်း ဦးကိုကိုကြီးက ဆိုသည်။

“ကျွန်တော်တို့ ယုံကြည်မှုတည်ဆောက်နေတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်နေတယ်လို့ ပြောနေတယ်။ ဟုတ်ပါပြီ။ တကယ်လည်း လိုအပ်ပါတယ်။ ဒါပေမဲ့ ဘယ်သူတွေကို၊ ဘယ်လူတန်းစားတွေကို ဘယ်လိုပုံစံမျိုးနဲ့တည်ဆောက်မလဲဆိုတဲ့  Target တွေက များပါတယ်။ များတာက ပထမဦးစားပေး၊ ဒုတိယဦးစားပေးဆိုတာ စဉ်းစားပြီး လုပ်ရမယ်။ ဒါပေမဲ့ အခုလုပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး Target တွေထဲမှာ ကျွန်တော်တို့မပါဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကလည်း အင်မတန်ရေးအကြီးပါတယ်။ အင်မတန်လိုအပ်ပါတယ်” ဟု ရှစ်လေးလုံးပါတီ ဖြစ်မြောက် ရေးဦးဆောင်အဖွဲ့ဝင် ဦးမင်းဇေယျက ပြောကြားသည်။

အထူးသဖြင့် နာမည်မထင်မရှား နိုင်ငံရေးအကျဉ်းသားများကို ဦးစားပေးပြီး ကူညီထောက်ပံ့ပေးသင့်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က တိုက်တွန်းသည်။

“လူဆိုတဲ့သတ္တဝါက အသိအမှတ်ပြုမှုကို  လိုလားပါတယ်။ အဲဒီအခါကျတော့ မမေ့ဘူးဆိုတာ အပြင်ကလူတွေကို ဒါကို သတိရနေတယ်။ အသိအမှတ်ပြုနေတယ်။ ငါတို့နိုင်တဲ့နည်းနဲ့ မင်းတို့နောက်မှာ ရှိနေတယ်ဆိုတာ အနည်းဆုံးပြနိုင်ခဲ့တယ်လို့ ကျွန်တော်မြင်တယ်။ အဲဒီတော့ တစ်လျှောက်လုံးမှာ တချို့ကိစ္စတွေက အငြင်းပွားဖွယ်စရာရှိတယ်။ အထူးသဖြင့် အညတရတွေ  တော်တော်သူတို့ ဘဝတွေ စာနာဖို့ကောင်းတယ်။ အဆက်အသွယ်မမီတဲ့လူတွေ လက်လှမ်းဝေးတဲ့လူတွေ သူတို့မိသားစုတွေဆီကို မရောက်ခဲ့နိုင်တဲ့  ကူညီပံ့ပိုးမှုတွေကိုလည်း ကျွန်တော်တို့ ကြားခဲ့ရတာပေါ့။ ဒီကနေ့ ဒီအချိန်မှာ ပိုပြီးတော့ လင်းလာတာ ပွင့်လာဖြစ်လာတဲ့အတွက်ကြောင့် သူတို့အလုပ်တွေက ပြန်ပြီးတော့ ကုစားတဲ့ အလုပ်တွေကျရင် သူတို့ကို ဦးစားပေးပြီးတော့ လုပ်စေချင်တာကို တိုက်တွန်းချင်တာပါပဲ”ဟု ဦးမင်းကိုနိုင်က ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားများသာမက စနစ်အပြောင်းအလဲတွင် နစ်နာခဲ့ရသည့်သူများအား ပြန်လည်ကုစားသွားမည့်အစီအစဉ်များမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အဓိကကျကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

“နိုင်ငံရေးအကျဉ်းသားတွေကို ဘဝတွေ ပြန်လည်ထူထောင်ရေးကိစ္စ စောင့်ရှောက်ရေးကိစ္စတွေကို ပြောတဲ့အခါမှာ ကျွန်တော် အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုတဲ့ အခန်းကဏ္ဍ အင်မတန်အရေးကြီးတယ်ဆိုတာကို ကျွန်တော်က အဓိကထားပြောချင်ပါတယ်။ ဆိုတော့ စနစ်တစ်ခုကနေ တစ်ခုကို ပြောင်းပေါ့။ အထူးသဖြင့် အာဏာရှင်စနစ်ကနေပြီးတော့ ဒီမိုကစနစ်ကို ပြောင်းတဲ့အခါမှာ ထိခိုက်နစ်နာခဲ့ကြတဲ့သူတွေ နိုင်ငံရေးအကျဉ်းသားတင်မကဘူး၊ တိုင်းရင်းသားဒေသမှာ စစ်ပွဲကြောင့် ခြေပြတ်၊ လက်ပြတ် ကိုယ်လက်အင်္ဂါ ချွတ်ယွင်းသွားတဲ့လူတွေ  အိုးအိမ်စွန့်ခွာသွားရတဲ့ လူတွေကအစ နောက်ဆုံးပြောရင် တပ်မတော်သား မိသားစုတွေကအစ ဒီစနစ်တစ်ခုကြောင့် သားကောင်ဖြစ်သွားတဲ့လူတွေ။ အထူးသဖြင့် တတိယနိုင်ငံရောက်သွားပြီး အခုထက်ထိ ပြန်မလာနိုင်ဘူး။ နိုင်ငံမဲ့ဖြစ်သွားတဲ့လူတွေ။ အဲဒီလူတွေအားလုံးဟာ အသွင်ကူးပြောင်းရေး ကာလတရားမျှတမှုအရ သူတို့ကို အသိအမှတ်ပြုဖို့၊ တန်ဖိုးထားဖို့ သူတို့နစ်နာခဲ့ရတာတွေကို ပြန်ပြီးကုစားသွားဖို့ အစီအစဉ်တွေ အဲဒါတွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အဓိကကျတယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

“Memory of the Past”  ဟု အမည်ပေးထားသည့် ဓာတ်ပုံပြခန်းတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံရေးအကျဉ်းသားများ ထောင်အတွင်းပြုလုပ်ထားသော လူအသုံးအဆောင်များ၊ ခေတ်အဆက်ဆက်နိုင်ငံရေးလှုပ်ရှားမှုနှင့်ဆိုင်သော မှတ်တမ်းဓာတ်ပုံများ၊ ကွယ်လွန်သွားကြသော နိုင်ငံရေးအကျဉ်းသားဟောင်းများစာရင်း၊  ပျောက်ဆုံးသွားသော နိုင်ငံရေးအကျဉ်းသားဟောင်းများစာရင်း  စသည့်မှတ်တမ်းမှတ်ရာများကို ခင်းကျင်းပြသထားပြီး အဆိုပါပြခန်းကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်မည်ဖြစ်၍ စနေနေ့နှင့်တနင်္ဂနွေနေ့တို့တွင်  သွားရောက်လေ့လာလိုပါက ကြိုတင်အကြောင်းကြားရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent