<

ဦးထင်ကျော်အနေဖြင့် သမ္မတတာဝန်မှ အနားယူရန် ကြိုတင်စီစဉ်ထားခြင်းဖြစ်ပြီး ကျန်းမာရေးကြောင့် အနားယူခြင်း မဟုတ်ကြောင်း ဇနီးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင် ပြောကြား

ဦးထင်ကျော်အနေဖြင့် သမ္မတတာဝန်မှ အနားယူရန် ကြိုတင်စီစဉ်ထားခြင်းဖြစ်ပြီး ကျန်းမာရေးကြောင့် အနားယူခြင်း မဟုတ်ကြောင်း ဇနီးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင်က ပြောကြားသည်။

နေပြည်တော်၌ မတ် ၂၃ ရက်က ပြုလုပ်သည့် သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒုတိယပိုင်း အစီအစဉ် မစတင်မီ သတင်းထောက်များကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခုထွက်တဲ့ကိစ္စ၊ အနားယူတဲ့ကိစ္စက ကျန်းမာရေးအတွက် မဟုတ်ပါဘူး။ ဒါပေမဲ့ လူတွေတော်တော် များများကတော့ လွန်ခဲ့တဲ့ ခြောက်လကျော်လောက်က သူခွဲစိတ်မှု ခံယူထားတာ ရှိပါတယ်။ အဲဒီအတွက် သူကျန်းမာရေး အားနည်းခဲ့ပါတယ်။ တကယ်တော့ သူ စားသင့်၊ စားထိုက်၊ နေသင့် နေထိုက်တဲ့ပုံတော့ အန်တီ့စကား နားမထောင်ဘဲ နေတာတော့ အမှန်ပဲ။ နောက်တစ်ခုက ပူတာအိုခရီးက ပြန်လာတဲ့ အခါကျတော့ တော်တော်လေး ၀မ်းတွေပျက်၊ နေမကောင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ တစ်လကျော်လောက်က ဆေးရုံမှာသွားပြီး ဆေးပြန်စစ်တော့ အားလုံး ကောင်းပါတယ်။ သူလည်း အခုဝိတ်ပြန်တက်လာတယ်။ အန်တီ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အန်တီတို့ ဒီလိုနားဖို့ဆိုတာ ရုတ်တရက်ကြီး လုပ်တာမဟုတ်ပါဘူး။ စောစောတည်းက ကြိုပြီးတော့ စီစဉ်တာပါ” ဟု ဒေါ်စုစုလွင်က ပြောကြားသည်။

ထို့ပြင် ဦးထင်ကျော်အနေဖြင့် သမ္မတတာဝန်မှ အနားယူခြင်းမှာ ၎င်း၏ဆန္ဒကြောင့်ဖြစ်ပြီး သမ္မတလုပ်ရန် မရည်ရွယ်ခဲ့ဘဲ တာဝန်ပေးသောကြောင့် အလွန်ဆုံး သုံးလ (သို့မဟုတ်) ခြောက်လခန့် လုပ်ပေးရလိမ့်မည်ဟုသာ မျှော်မှန်းခဲ့ကြောင်း ဒေါ်စုစုလွင်က ဆက်လက်ပြောကြားသည်။

“ဘာကြောင့် အနားယူတာလဲဆိုတော့ သူ့ရဲ့ဆန္ဒပေါ့နော်။ သူအနားယူဖို့ သင့်တယ်လို့ သူယူဆတဲ့ အတွက်ကြောင့် သူ့ဆန္ဒကလည်း တကယ်လို့ အနားယူဖို့ဆိုရင် အန်တီ ပြောရမယ်ဆိုရင် ဒီနေရာမှာ အန်တီတို့ (အန်တီတို့ဆိုတာ အန်တီအမျိုးသားကို ပြောတာ) သူအဲဒီနေရာလုပ်ဖို့ သူဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး။ သူ့ကို ဒီတာဝန်ကို ပေးတဲ့အတွက်ကြောင့် ဒီတာဝန်ကိုလည်း မျှော်မှန်းထားတာကတော့ အလွန်ဆုံး သုံးလလောက်၊ သုံးလထက်လွန်ရင် ခြောက်လလောက် အဲဒီလောက်ပဲ သူ့ရဲ့ခေါင်းဆောင်အတွက် သူလုပ်ပေးရလိမ့်မယ်လို့ သူမျှော်လင့်တယ်” ဟု ၎င်းကထပ်မံ ပြောကြားသည်။

ဦးထင်ကျော်သည် သမ္မတတာဝန်မှ အနားယူလိုသောကြောင့် ၂၀၁၈ ခုနှစ်၊ မတ် ၂၁ ရက်မှစ၍ နိုင်ငံတော်သမ္မတ ရာထူးက နုတ်ထွက်သွားကြောင်း မတ် ၂၁ ရက်တွင် နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်သမ္မတအဖြစ် သက်တမ်းစေ့ တာဝန်ထမ်းဆောင်မှသာ အငြိမ်းစား သမ္မတဟောင်းများ အနေဖြင့် ဥပဒေနှင့်အညီ ရရှိမည့် အခွင့်အရေးများ၊ လုံခြုံရေး အဆောင်အယောင်များကို ရရှိနိုင်မည်ဖြစ်ပြီး အဆောင်အယောင်နှင့် သမ္မတဟောင်း ဥပဒေများအရ သမ္မတအဖြစ် နှစ်ပြည့်တာဝန် ထမ်းဆောင်ပါက တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေ၊ ပင်စင်လစာ ရရှိနိုင်သကဲ့သို့ ကျန်းမာရေး အကြောင်းပြချက်ဖြင့် နုတ်ထွက်ပါကလည်း ပင်စင်လစာ မရသော်လည်း တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေ ရရှိနိုင်မည်ကာ ဦးထင်ကျော် အနေဖြင့် အဆိုပါအချက်နှင့် ကိုက်ညီမှု မရှိသောကြောင့် မည်သည့်ခံစားခွင့်မျှ ရရှိမည် မဟုတ်ကြောင်း သိရသည်။

အဆိုပါ ပင်စင်ကိစ္စနှင့် ပတ်သက်ပြီး ဦးထင်ကျော်၏ဇနီး ဒေါ်စုစုလွင်က “အန်တီက အဲဒါတွေ မသိဘူး။ ပင်စင်ဆိုတာလည်း အန်တီတို့ စိတ်မ၀င်စားပါဘူး။ ဘယ်တုန်းကမှ ပင်စင်အတွက်ပဲဖြစ်ဖြစ် ဘာအခွင့်အရေး အတွက်ပဲဖြစ်ဖြစ် အန်တီတို့က စဉ်းစားထားတဲ့သူတွေ မဟုတ်ပါဘူး။ အန်တီတို့က တိုင်းပြည်အတွက် အစ်မ (ဒေါ်အောင်ဆန်းစုကြည်) ပြောသလိုပေါ့။ ကိုယ်ဘာပေးနိုင်မလဲဘဲ အန်တီတို့က စဉ်းစားပါတယ်။ တိုင်းပြည်ကနေ ဘာရနိုင်မယ်ဆိုတာ တစ်ခါမှ စဉ်းစားတဲ့ကိစ္စ မဟုတ်ပါဘူး” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်သူများတွင် ဦးထင်ကျော်သည် န၀မမြောက် သမ္မတဖြစ်ပြီး သမ္မတရာထူးတာဝန် ထမ်းဆောင်ချိန် နှစ်နှစ်ပြည့်ရန် ရက်ပိုင်းအလိုတွင် နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

March 23, 2018














Copy Protected by Chetan's WP-Copyprotect.