လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း ကြက်ခြံများမှ အနံ့ဆိုးများ ကျေးရွာများအထိ ပျံ့နှံ့နေသည်ဟုဆိုကာ ကြက်ခြံများ ပြောင်းရွှေ့ပေးရေး ဒေသခံများတောင်းဆို

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း ကြက်ခြံများမှ အနံ့ဆိုးများ ကျေးရွာများအထိ ပျံ့နှံ့နေသည်ဟုဆိုကာ ကြက်ခြံများ ပြောင်းရွှေ့ပေးရေး ဒေသခံများတောင်းဆို
Published 24 March 2018

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ မြောက်ဘက်ကြက်ခြံများ အနီးတွင် မတ် ၂၃ ရက် နံနက်ပိုင်းက တောင်းဆိုနေစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ရှိ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းအတွင်း ကြက်ခြံများမှ အနံ့ဆိုးများသည် ကျေးရွာများဆီသို့၏ ပျံ့နှံ့နေခြင်းကြောင့် ယင်းကြက်ခြံများအား ပြောင်းရွှေ့ပေးရေးအတွက် ဒေသခံများက တောင်းဆိုခဲ့ကြကြောင်း သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ မြောက်ဘက်ကြက်ခြံများ အနီးတွင် မတ် ၂၃ ရက် နံနက် အစောပိုင်းက လူအင်အား ၁၀၀ နီးပါးက တောင်းဆိုခဲ့ကြသော်လည်း ကြေးနီစီမံကိန်းဘက်မှ တာဝန်ရှိသူများ ရောက်ရှိလာခြင်း မရှိကြောင်း သိရသည်။

“လွှတ်တော်ရေးရာမှာလည်း ဝန်ခံကတိ လက်မှတ်ရေးထိုးထားတယ်။ လုံးဝအနံ့မထွက်စေရဘူးလို့ ပြောထားပေမယ့် အခုကျတော့ အဲဒီကြက်ခြံတွေမှာ အနံ့တွေ ထွက်နေတယ်။ ကြေးနီစီမံကိန်းဘက်က တာဝန်ရှိသူတွေကလည်း ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ကို ထွက်ပြီးဖြေရှင်းတာမျိုး မရှိဘူး။ လူအင်အား တစ်ရာကျော်လောက်နဲ့ အနံ့ဆိုးတွေ ထွက်နေတဲ့ ကြက်ခြံရှေ့မှာ အနံ့တွေမထွက်ဖို့နဲ့ ကြက်ခြံတွေ အမြန်ပြောင်းရွှေ့ ပေးရေးအတွက် တောင်းဆိုခဲ့တာပါ။ ကြက်ခြံက တာဝန်ရှိတဲ့ သူတွေကလည်း ထွက်မလာဘူး။ ဝမ်ပေါင်က တာဝန်ရှိတဲ့ သူတွေကလည်း ထွက်မလာဘူး။ တာဝန်ရှိတဲ့သူတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ယူမှု တာဝန်ခံမှုလည်း မရှိတဲ့အတွက် ဒီကိစ္စကိုလည်း ကျွန်တော်တို့က သိချင်ပါတယ်” ဟု ဒေသခံရွာသားတစ်ဦးက ပြောကြားသည်။

မတ် ၂၃ ရက် နံနက်အစောပိုင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ မြောက်ဘက်ကြက်ခြံများ အနီးတွင် လူအင်အား (၁၀၀) နီးပါးက ကြက်ခြံအတွင်းမှ အနံ့ဆိုးများ မထွက်ရေးနှင့် ကြက်ခြံများအား အမြန်ဆုံး ပြောင်းရွှေ့ပေးရေး တောင်းဆိုမှုနှင့် ပတ်သက်၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တာဝန်ခံ ဦးလှစိန် အနေဖြင့် ကြားမိခြင်း မရှိသေးကြောင်း ယင်းကြက်ခြံများသည် ခေတ်မီသည့် နည်းစနစ်များဖြင့် ဆောင်ရွက်ထားပြီး တိုင်းဒေသကြီး၏ ခွင့်ပြုမိန့် ရရှိထားသည့်အတွက် ဆောင်ရွက်ထားခြင်းသာ ဖြစ်ကြောင်း ကြေးနီစီမံကိန်း တာဝန်ခံ ဦးလှစိန်က ဆိုသည်။

“ကျွန်တော်တော့ အဲဒီသတင်း မကြားသေးဘူးဗျာ။ ဖြစ်နေတာက ဝမ်ပေါင်မှာလားတော့ မသိဘူး။ ကျွန်တော် အဲဒါတော့မသိဘူး။ ကြက်ခြံကတော့ ကျွန်တော်တို့က ခေတ်မီတဲ့နည်းစနစ်နဲ့ လုပ်ထားတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ တိုင်းဒေသကြီးက ခွင့်ပြုမိန့် ရထားပြီး ဆောင်ရွက်ထားတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ နောက်တစ်ခါ SME လုပ်ငန်းအတွက် ရွာတွေအတွက်ကို ရည်ရွယ်ပြီးတော့ SME လုပ်ပေးထားတာ ဖြစ်ပါတယ်” ဟု လက် ပံတောင်းတောင် ကြေးနီစီမံကိန်း တာဝန်ခံ ဦးလှစိန်က ပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းအတွင်း ကြက်ခြံသည် အခြားနည်းသုံးစွဲခွင့်ရရှိပြီး ဖြစ်ကြောင်း ကြက်ခြံများအတွင်းမှ အနံ့ဆိုး မထွက်ရေးနှင့် ပတ်သက်၍ နည်းပညာရှိကြောင်း အနံ့ဆိုးများ ထွက်နေသည် ဆိုပါက အနံ့ဆိုးများ မထွက်အောင် လုပ်ဆောင်ကြရန် မှာကြားထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပြောကြားသည်။

“အခြားနည်း သုံးစွဲခွင့်တော့ ရပြီးသွားပြီ။ အခြားနည်းသုံးစွဲခွင့်ချပေးတာ အတော်တောင် ကြာနေပြီ။ အနံ့ထွက်နေတာတွေကို မထွက်အောင် နည်းပညာတွေသုံးပြီး လုပ်ကြဖို့မှာတော့ မှာထားတယ်။ အနံ့မထွက်အောင် လုပ်ပါလို့ ပြောထားပြီးသားပါ။ ကြက်ခြံတွေကို ပြောင်းရွှေ့ပေးဖို့ရာကတော့ လောလောဆယ်ဘာမှ အစီအစဉ် မရှိသေးဘူး။ သတင်းကြားတာက အဲဒီကြက်ချေးကနေ နံတာမဟုတ်ဘူးတဲ့။ ကြက်ချေးကနေ အသုံးပြုပြီးတော့မှ ဓာတ်မြေသြဇာထုတ်တဲ့ နေရာကနေ နံတာတဲ့။ အဲဒါဆိုရင်လည်း မနံအောင်လုပ်ပါလို့ ပြောထားပြီးပြီ” ဟု ဦးကမ်ဇာမုံက ဆက်လက် ပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းအတွင်း ကြက်ခြံများမှ အနံ့ဆိုးများ ပျံ့နှံ့နေသည့် ကျေးရွာများမှာ ကျော်ရွာကျေးရွာ၊ မင်္ဂလာကုန်းကျေးရွာ၊ အောင်ချမ်းစည်ကျေးရွာ စသည့်ကျေးရွာတို့ ဖြစ်ကြောင်း ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်ကလည်း အနံ့ဆိုး  များ ထွက်နေသည့် ကြက်ခြံများအား အမြန်ဆုံး ပြောင်းရွှေ့ပေးရေးအတွက် ဒေသခံများ၏ သဘောထား လက်မှတ်များကို ဒေသခံများက ကောက်ခံခဲ့ကြကြောင်း သိရသည်။

 

Most Read

Most Recent