စေတီပြင်-အင်းဒင် မေယုတောင်ကျော်လမ်းတွင် ကားတစ်စီး လမ်းဘေးထိုးကျရာမှ နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိ

စေတီပြင်-အင်းဒင် မေယုတောင်ကျော်လမ်းတွင် ကားတစ်စီး လမ်းဘေးထိုးကျရာမှ နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိ
Published 24 March 2018

စေတီပြင်-အင်းဒင် မေယုတောင်ကျော်လမ်းတွင် တစ်ပါကားတစ်စီး လမ်းဘေးထိုးကျမှု ဖြစ်ပွားစဉ် (ဓာတ်ပုံ-သန်းဦး)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်-ကျောက်ပန္ဒူ မေယုတောင်ကျော်လမ်းတွင် တစ်ပါကားတစ်စီး လမ်းဘေးထိုးကျရာမှ နှစ်ဦးသေဆုံးပြီး ငါးဦးပြင်းထန်စွာ ဒဏ်ရာရရှိမှုတစ်ရပ် မတ် ၂၃ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းသို့ တိမ်းမှောက်မှုကြောင့် ရသေ့တောင်မြို့နယ် အောက်ကျောင်းတောင် ကျေးရွာမှ ဒေါ်ခင်သန်းမေ (ဘ) ဦး ကျော်စိန်အောင် (၅၄)နှစ်နှင့် ဒေါ်သန်းစိုးမျှ (ဘ) ဦးမောင်သိုင်းစိန် (၄၉) နှစ်တို့ ပွဲချင်းပြီး သေဆုံးခဲ့ကာ မချိုချိုဝင်း (၂၅) နှစ်၊ ဒေါ်သန်း သန်းနု( ၃၀) နှစ်၊ ဒေါ်မမချေ (၄၅) နှစ်၊ ဒေါ်နွယ်နွယ်ဝင်း (၃၅) နှစ်၊ ဒေါ်သန်းစိန်ဖြူ (၅၅) နှစ်၊ ဒေါ်နှင်းနွယ် (၃၀)နှစ်နှင့် ဒေါ်သန်း သန်းစိုး (၃၅) နှစ်တို့မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

“လုပ်ငန်းသုံးကားပေါ့။ တိမ်းမှောက် တာက တေပါကားလိုမျိုး ကျောက်တွေ သယ်လာတဲ့အချိန် တောင်ကျော်လမ်းမှာ ဖြစ်တာလို့ သိရတယ်။ ကားပေါ်မှာလည်း အလုပ်သမားတွေ ပါလာတယ်။ ဒီနေ့မနက်ပိုင်းက မှောက်တာ လို့သိရတယ်။ မနက် ၈ နာရီကျော်လောက်မှာ ကျောက်တွေတင်လာ တဲ့အချိန် အရှိန်မထိန်းနိုင်ဘဲ မှောက်သွားတယ်။ ကျောက်တွေပါလာတော့ ကျောက်တုံးတွေက လူပေါ်ပြုတ်ကျပြီး သေသွားတာလို့ ပြောပါတယ်။ စစ်တွေဆေးရုံကို ခြောက်ဦး ပို့လိုက်တယ်။ တစ်ဦးကတော့ စေတီပြင်ဆေး ရုံမှာကျန်ခဲ့တယ်။ ပို့ဖို့မလိုတဲ့ အနေအထားလို့ ပြောတဲ့အတွက် စေတီပြင်ဆေးရုံမှာ ထားခဲ့တာလို့ သိရတယ်” ဟု စေတီပြင်ကျေးရွာမှ ကိုဆန်းလင်းက ပြောကြားသည်။

အဆိုပါလမ်းသည် အသစ်ဖောက်လုပ်ထားသော လမ်းဖြစ်ပြီး လမ်းကိုအမာခံ ပြုလုပ်ထားခြင်း မဟုတ်သေးဘဲ မြေသားလမ်းအဖြစ်သာ ဖောက်လုပ်ထားခြင်း ဖြစ်သဖြင့် လမ်းမြေသားခိုင်မာမှု မရှိသေးကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရဲစခန်းများမှ ယာဉ်မောင်းအား အရေးယူနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

Most Read

Most Recent