ပြန်ကြားရေးဝန်ကြီးဌာနပိုင် အစိုးရ၏ ကြေးမုံသတင်းစာ တစ်ပတ်အတွင်း နှစ်ကြိမ် မှားယွင်းဖော်ပြ

ပြန်ကြားရေးဝန်ကြီးဌာနပိုင် အစိုးရ၏ ကြေးမုံသတင်းစာ တစ်ပတ်အတွင်း နှစ်ကြိမ် မှားယွင်းဖော်ပြ
Published 24 March 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သြစတြေးလျနိုင်ငံဝန်ကြီးချုပ် H.E. Mr.Malcolm Turnbull တို့ တွေ့ဆုံစဉ်

ပြန်ကြားရေး ဝန်ကြီးဌာနပိုင် အစိုးရ၏ ကြေးမုံသတင်းစာတွင် တစ်ပတ်အတွင်း နှစ်ကြိမ် မှားယွင်းဖော်ပြမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ပထမအကြိမ် မှားယွင်းမှုမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျနိုင်ငံသို့ သွားရောက်စဉ်က သတင်းတစ်ပုဒ်ဖြစ်ပြီး အဆိုပါ သတင်းမှာ မတ် ၂၀ ရက်ထုတ် ကြေးမုံသတင်းစာ၏ ရှေ့ဖုံးတွင် သြစတြေးလျ ဓနသဟာယနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးသည့် သတင်းအား ရေးသားခဲ့ခြင်း ဖြစ်သော်လည်း ပါရှိသော ဓာတ်ပုံမှာ အတိုက်အခံ လေဘာပါတီ ခေါင်းဆောင်၏ ဓာတ်ပုံကို ဖော်ပြထားကြောင်း သိရသည်။ သတင်းဖော်ပြချက်တွင် သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တွေ့ဆုံဆွေးနွေးမှုကို ရေးသားခဲ့ခြင်း ဖြစ်သော်လည်း ပါရှိသော သတင်းဓာတ်ပုံတွင် အတိုက်အခံ ခေါင်းဆောင်အား ဝန်ကြီးချုပ်အဖြစ် မှားယွင်းဖော်ပြ ခဲ့ခြင်းဖြစ်သည်။

ထိုသို့ရေးသား ဖော်ပြခဲ့မိခြင်းကြောင့် မတ် ၂၁ ရက်ထုတ် ကြေးမုံသတင်းစာတွင် စာဖတ်သူများထံသို့ ဟုဆိုကာ “မတ် ၂၀ ရက်ထုတ် ကြေးမုံသတင်းစာရှေ့ဖုံး၌ ဖော်ပြထားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သတင်း၏ ပုံစာအား ‘နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သြစတြေးလျ ဓနသဟာယနိုင်ငံ အတိုက်အခံ လေဘာပါတီခေါင်းဆောင် Mr.Bill Shorten တို့ ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်’ ဟု ပြင်ဆင်သိမှတ်ပေးပါရန်” ဟု ဆိုကာ ပြန်လည်၍ ပြင်ဆင်ချက် ရေးသားခဲ့ရကြောင်း သိရသည်။

မတ် ၂၀ ရက်ထုတ် ကြေးမုံသတင်းစာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အတိုက်အခံခေါင်းဆောင်တို့ တွေ့ဆုံသည့်ပုံကို မှားယွင်းဖော်ပြထားစဉ်

ထိုသို့ဆိုးရွားစွာ မှားယွင်းဖော်ပြမှုများနှင့် ပတ်သက်ပြီး နိုင်ငံရေး လေ့လာသူများ၊ အွန်လိုင်းသုံးစွဲသူများ အကြား ပြန်ကြားရေး ဝန်ကြီးဌာန၏ အဆိုပါ သတင်းစာအပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့ကြောင်း သိရသည်။

အလားတူ မတ် ၂၃ ရက်က ထုတ်ဝေသည့် ကြေးမုံသတင်းစာ မျက်နှာဖုံးတွင် “ရန်ကုန်- မန္တလေး ရထားလမ်းမကြီး အဆင့်မြှင့်တင်သည့် စီမံကိန်းပြီးစီးပါက ခေတ်မီတွဲဆိုင်း အသစ်များဖြင့် ပြေးဆွဲချိန် ၈ နာရီထက် မပိုဘဲ ပြေးဆွဲနိုင်မည်” ဟု ရေးသားဖော်ပြထားပြီး သတင်း၏ အဓိကစာပိုဒ်များတွင် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ နုတ်ထွက်စာပေးပို့မှုကို ရေးသားဖော်ပြထားခြင်း ဖြစ်သည်။

ယင်းနေ့က ထုတ်ဝေသည့် သတင်းစာတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဆန္ဒအလျောက် နုတ်ထွက်မှုကို ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက လွှတ်တော်သို့ ဖတ်ကြားတင်ပြကြောင်း၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဆန္ဒအလျောက် နုတ်ထွက်စာတွင် မိမိသည် လက်ရှိအလုပ်တာဝန်များမှ အနားယူလိုသောကြောင့် ၂၀၁၈ ခုနှစ် မတ် ၂၁ ရက်မှစ၍ နိုင်ငံတော်သမ္မတ ရာထူးမှ ဆန္ဒအလျောက် နုတ်ထွက်ကြောင်း အကြောင်းကြားပါသည်ဟု ရေးသားဖော်ပြထားသည်။

သတင်း၏ ခေါင်းစဉ်တွင်မူ ရေးသားဖော်ပြထားသည့် ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းနှင့် ပတ်သက်သည့် အကြောင်းအား အညွှန်းစာမျက်နှာ ၅ တွင် အနည်းငယ်မျှသာ ရေးသားဖော်ပြ ထားသည်ကို တွေ့ရပြီး ယင်းလမ်းပိုင်းအား အဆင့်မြှင့်တင်နိုင်ရေးအတွက် ချေးငွေရယူနိုင်ရန် လွှတ်တော်အား လာရောက်တင်ပြသည့် အကြောင်းအရာဖြစ်ကြောင်း သိရသည်။

မတ် ၂၃ ရက်ထုတ် ကြေးမုံသတင်းစာ မျက်နှာဖုံးတွင် ဖော်ပြပါရှိမှုအား တွေ့ရစဉ်

၎င်းသတင်းနှင့်ပတ်သက်ပြီး “နိုင်ငံတော်အတိုင်ပင်ခံ သြစတြေးလျ ခရီးစဉ်တုန်းကလည်း ဓာတ်ပုံအမှား ဖြစ်ပြီးပြီ။ အခုလည်း နိုင်ငံရဲ့ အကြီးအကဲ အပြောင်းအလဲ သမိုင်းဝင်ဖြစ်စဉ် တစ်ခုရဲ့သတင်း အထူးသဖြင့် အစိုးရ သတင်းစာတစ်စောင်ရဲ့ ရှေ့မျက်နှာဖုံး ခေါင်းကြီးသတင်း ခေါင်းစဉ်နဲ့ ဓာတ်ပုံနဲ့ စာသားနဲ့ ကွဲလွဲတာကတော့ အတော်လေး ရုပ်ဆိုးပါတယ်။ ပြန်ကြားရေး ဝန်ကြီးရှင့်” ဟု Facebook သုံးစွဲသူတစ်ဦး ဖြစ်သည့် Ma Sumon ဆိုသည့် အကောင့်ပိုင်ရှင်က မှတ်ချက်ပြု ရေးသားထားသည်။

“နိုင်ငံတော်သမ္မတတစ်ဦး နုတ်ထွက်တယ်ဆိုတဲ့သတင်းက မီးရထားလမ်းပိုင်းပြင်ဖို့ ပိုက်ဆံချေးတဲ့ သတင်းထက် လူအများကြီး စိတ်ဝင်စားတယ်။ နိုင်ငံတော်သမ္မတဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ အမြင့်ဆုံးရာထူး ရယူထားတဲ့သူ။ သူနုတ်ထွက်တယ်ဆိုတာက လူတွေအတွက် ဘယ်လောက် အရေးကြီးမလဲဆိုတာ စဉ်းစားစရာတောင် မလိုဘူး” ဟု ပြည်တွင်းမီဒီယာလုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိသည့် အယ်ဒီတာတစ်ဦးကလည်း သုံးသပ်ပြောကြားသည်။

ထိုသို့ ရေးသားဖော်ပြမှုမှာ သတင်းစာပညာအရ မှားယွင်းဖော်ပြမှုဖြစ်ပြီး ပြည်သူလူထုအား အထူးအသိပေး ဖော်ပြရမည့် သတင်း၊ လူထုအဓိက စိတ်ဝင်စားသည့် သတင်းတို့အပေါ် ရေးသားဖော်ပြမှုနှင့် ပတ်သက်ပြီး အစိုးရသတင်းစာ အနေဖြင့် အထူးဂရုပြုရန် လိုအပ်ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။

ထိုသို့ ပြန်ကြားရေး ဝန်ကြီးဌာန၏ အစိုးရပိုင် ကြေးမုံသတင်းစာက ယင်းကဲ့သို့ လူထုအတွက် အရေးပါသော သတင်းနှင့်ပတ်သက်၍ မှားယွင်းခဲ့မှုအပေါ် လူမှုကွန်ရက် စာမျက်နှာများတွင် ဝေဖန်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent