၂၀၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခ ဥပဒေကြမ်းနှင့် ပတ်သက်၍ အခွန်ထမ်း ပြည်သူများအား ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်နှင့် အခွန်ရှောင်သူများကို အရေးယူရန် အစိုးရအဖွဲ့က စီမံခန့်ခွဲသင့်ကြောင်း ဥပဒေကြမ်းကော်မတီ အစီရင်ခံစာတင်ပြ

၂၀၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခ ဥပဒေကြမ်းနှင့် ပတ်သက်၍ အခွန်ထမ်း ပြည်သူများအား ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်နှင့် အခွန်ရှောင်သူများကို အရေးယူရန် အစိုးရအဖွဲ့က စီမံခန့်ခွဲသင့်ကြောင်း ဥပဒေကြမ်းကော်မတီ အစီရင်ခံစာတင်ပြ
Published 24 March 2018

မတ် ၂၂ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်

၂၀၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခ ဥပဒေကြမ်းနှင့် ပတ်သက်၍ အခွန်ထမ်း ပြည်သူများအား ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့် ဥပဒေ၏ အကာအကွယ်ပေးပြီး အခွန်ရှောင်သူများကို အရေးယူရန် အစိုးရအဖွဲ့က စီမံခန့်ခွဲသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ ဥပဒေကြမ်းကော်မတီဝင် ဗိုလ်မှူးမင်းအောင်ဇော်က မတ် ၂၃ ရက်၌ ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး (၁၇ ကြိမ် မြောက်နေ့) တွင် ဖတ်ကြားတင်ပြခဲ့သည်။

ဥပဒေကြမ်းကော်မတီမှ သဘောထားမှတ်ချက်ပေးရာတွင် ၂၀၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခဥပဒေကြမ်းသည် တိုင်းဒေသကြီး၏ ဝင်ငွေရရှိမှုအတွက် အရေးပါသကဲ့သို့ အခွန်ထမ်း ပြည်သူများအတွက် အခွန်ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေးနှင့် ဥပဒေ၏ အကာအကွယ် ရရှိစေရေးကိုလည်း အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးသင့်ကြောင်း၊ အထူးသဖြင့် အခွန်အခ ပေးဆောင်၍ တရားဝင် လုပ်ငန်းဆောင်ရွက်သော အခွန်ထမ်းပြည်သူများကို အကာအကွယ်ပေးခြင်း၊ အခွန်ထမ်းဆောင်ခြင်းလည်း မရှိ၊ ဥပဒေကို လိုက်နာခြင်းလည်း မရှိဘဲ လုပ်ငန်းလုပ်ဆောင် နေသူများကို ဥပဒေနှင့်အညီ အရေးယူခြင်းတို့ဖြင့် အစိုးရအဖွဲ့က စီမံခန့်ခွဲသင့်ကြောင်း၊ ပြည်သူများ နေ့စဉ်စားသုံးရသော အခြေခံစားသုံးခွန်များနှင့် ဆက်စပ်လျက်ရှိသည့် လျော့နည်းကောက်ခံ သင့်သည်ဟု အကြံပြုအပ်ကြောင်းနှင့် ၂၀၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အခွန်အခ ဥပဒေကြမ်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ၊ တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရအဖွဲ့ ဥပဒေများနှင့်အညီ ရေးဆွဲခြင်းဖြစ်သည်ဟု လေ့လာစိစစ်သုံးသပ် အစီရင်ခံ တင်ပြခဲ့သည်။

ထို့ပြင် ဥပဒေကြမ်းအား ဥပဒေကြမ်းကော်မတီ၏ လေ့လာစိစစ်တွေ့ရှိချက်များတွင် ဥပဒေကြမ်း၏ အပိုဒ် (၄) တွင် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အခွန်အခရငွေသည် သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွက် ဤဥပဒေ၏ နောက်ဆက်တွဲ (ဋ) ပါ အခွန်အခ ကောက်ခံရန် လျာထားခြင်း ဖြစ်သည်ဟု ဖော်ပြထားသောကြောင့် အဆိုပါဥပဒေကြမ်းသည် ၂၀၁၈ ခုနှစ် ရန်ကုန် တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေနှင့် ချိတ်ဆက်ထားသော ဥပဒေကြမ်း ဖြစ်ကြောင်း လေ့လာစိစစ် တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ဥပဒေကြမ်း၏ နောက်ဆက်တွဲ (ဋ) သည် သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများက အခွန်အမျိုးအစား ၁၈ မျိုးအတွက် ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ အခွန်အခ ကောက်ခံရန် မူလလျာထားချက်များ ဖြစ်ကြောင်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကောက်ခံမည့် ဝင်ငွေခွန် ၄၃၄ ဘီလျံကျော်၊ ကုန်သွယ်လုပ်ငန်းခွန် ၂၂၀ ဘီလျံကျော်နှင့် တံဆိပ်ခေါင်းခွန် ၂၆ ဘီလျံ ကျော်၊ ရန်ကုန်မြို့တော် စည်ပင်သာယာမှ ကောက်ခံမည့် စည်ပင်သာယာရေးဆိုင်ရာ အခွန်များ ၁၀ ဘီလျံကျော်နှင့် စည်ပင်သာယာရေးဆိုင်ရာ အခွန်အခရငွေများ ၈၈ ဒသမ ၈ ဘီလျံကျော် ဖြစ်သည့်အတွက် ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့၏ အခွန်အခ ကောက်ခံရန် လျာထားချက်များသည် ရန်ကုန်တိုင်းဒေသကြီးအတွက် အဓိကကျကြောင်း စိစစ်တွေ့ရှိကြောင်း တင်ပြခဲ့သည်။

ထို့ပြင် ဥပဒေကြမ်း၏ အခန်း (၉) အပိုဒ် (၄) တွင် မြေယာခွန်၊ အပိုဒ် (၁၀) တွင် ယစ်မျိုး ခွန်၊ အပိုဒ် (၁၅) တွင် ဓာတ်သတ္တုခွန်၊ အပိုဒ် (၁၆) တွင် အင်းအိုင်ခွန်၊ အပိုဒ် (၁၇) တွင် သစ်တောခွန်၊ အပိုဒ် (၁၈) တွင် စည်ပင်သာ ယာရေးဆိုင်ရာ အခွန်အခများ၊ အပိုဒ် (၂၀) တွင် တာတမံခွန်၊ အပိုဒ် (၂၁) စားခွန်၊ အပိုဒ် (၂၂) တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရုပ်ရှင်ရုံနှင့် ဗီဒီယိုလုပ်ငန်းများအား ငှား ရမ်းခြင်း၊ ကြီးကြပ်ခြင်းနှင့် စပ်လျဉ်းသောအ ခွန်အခများနှင့် အပိုဒ် (၂၃) တွင်ပြပွဲ၊ ဖျော်ဖြေ ပွဲအခွန်အခများ စသည်တို့နှင့် စပ်လျဉ်း၍ နောက်ဆက်တွဲများပါ ကြီးကြပ်ကောက်ခံနေသော နှုန်းထားများအတိုင်း ကောက်ခံ၍ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေသို့ လွှဲပြောင်းပေးသွင်း ရမည်ဟု ဖော်ပြထားသောကြောင့် အထက်ပါ အခွန်အခများသည် ရန်ကုန်တိုင်းဒေသကြီးက အပြည့်အဝရရှိမည့် အခွန်အခရငွေ လျာထားချက်များဖြစ်ကြောင်း အစီရင်ခံစာ တင်ပြခဲ့သည်။

ထို့အတူ အခန်း (၄)၊ အပိုဒ် (၁၁) တွင် ဝင်ငွေခွန်၊ အပိုဒ် (၁၂) ကုန်သွယ်လုပ်ငန်းခွန်၊ အပိုဒ် (၁၃) တွင် အထူးကုန်စည်ခွန်၊ အပိုဒ် (၁၄) တွင် တံဆိပ်ခေါင်းခွန်နှင့် အပိုဒ် (၁၉) တွင် မော်တော်ယာဉ် မှတ်ပုံတင်ခ၊ စစ်ဆေးခ စသည်တို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စု သတ်မှတ်ပေးသော ရာခိုင်နှုန်း အချိုးအတိုင်း ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေသို့ လွဲှပြောင်းပေးသွင်းရမည်ဟု ဖော်ပြထားသောကြောင့် အထက်ပါ အခွန်အခများသည် တိုင်းဒေသကြီးအနေဖြင့် ပြည်ထောင်စု သတ်မှတ်ပေးသော ရာခိုင်နှုန်း အချိုးတိုင်းသာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ဥပဒေကြမ်း၏ အပိုဒ် (၂၄) တွင် ပြည်ထောင်စုပြဋ္ဌာန်းသည့် ဥပဒေနှင့်အညီ အခွန်အခများကို အပိုဒ်ခွဲ (က)မှ အပိုဒ်ခွဲ (ဏ) အထိ အပိုဒ်ခွဲ (၁၅) ခုဖြင့် တိကျစွာ ထည့်သွင်းရေးဆွဲထားကြောင်း၊ အပိုဒ် (၂၇)  နှင့် အပိုဒ် (၂၉) တို့အရ အခွန်အခ နှုန်းထားများ ပြင်ဆင်ဖြည့်စွက် အစားထိုးခြင်းများ ဆောင်ရွက်လိုလျှင်ဖြစ်စေ၊ အခွန်အခ ကောက်ခံရန် လျာထားချက်များအပေါ် ကောက်ခံရရှိမှုကို ဖြစ်စေ၊ အစိုးရအဖွဲ့သည် လွှတ်တော်သို့ တင်သွင်းပြီး အစီရင်ခံ တင်ပြခြင်းတို့ လုပ်ဆောင်ရန် ထည့်သွင်းရေးဆွဲ ထားသောကြောင့် ပွင့်လင်းမြင်သာပြီး အစိုးရနှင့် လွှတ်တော်အကြား အပြန်အလှန် ထိန်းညှိဆောင်ရွက်နိုင်ကြောင်း သုံးသပ်တွေ့ရှိရသည်ဟု အစီရင်ခံစာ တင်ပြခဲ့သည်။

ဥပဒေကြမ်း၏ ရည်ညွှန်းချက်တွင် ပြည်ထောင်စုသမ္မတနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၉၀၊ ပုဒ်မခွဲ (ခ) အရလည်းကောင်း၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၅၈ အရ လည်းကောင်း တင်သွင်းခဲ့ခြင်း ဖြစ်သည်ဟု အစီရင်ခံစာ တင်ပြခဲ့သည်။

 

Most Read

Most Recent