မတ်ပဲနှင့်ပဲရင်း ရိတ်သိမ်းပြီးချိန်တွင် အထွက်နှုန်းလျော့နည်းပြီး ဈေးနှုန်းကျဆင်းမှုကြောင့် ဟုမ္မလင်းမြို့နယ်ရှိ တောင်သူများ အခက်တွေ့နေ

မတ်ပဲနှင့်ပဲရင်း ရိတ်သိမ်းပြီးချိန်တွင် အထွက်နှုန်းလျော့နည်းပြီး ဈေးနှုန်းကျဆင်းမှုကြောင့် ဟုမ္မလင်းမြို့နယ်ရှိ တောင်သူများ အခက်တွေ့နေ
Published 24 March 2018

ဟုမ္မလင်းမြို့နယ် အတွင်းရှိ ပဲစိုက်တောင်သူများ လုပ်ငန်းခွင်ဝင်နေသည်ကို တွေ့ရစဉ်

မတ်ပဲနှင့် ပဲရင်းရိတ်သိမ်းပြီးချိန်တွင် အထွက်နှုန်းလျော့နည်းပြီး ဈေးနှုန်းကျဆင်းမှုကြောင့် ဟုမ္မလင်းမြို့နယ်ရှိ တောင်သူများ အခက်တွေ့နေရကြောင်း သိရသည်။

“ဒီနှစ်အတွင်း မိုးကြီးပြီး ရေခဏခဏ တက်တယ်။ ရေကျတာလည်း နောက်ကျတော့ စိုက်ပျိုးတာနောက်ကျ၊ မိုးကလည်းများ၊ နှင်းခါးရိုက်ဆိုတော့ ပဲတွေလုံးဝမကောင်းဘူး။ ခါတိုင်း တင်း ၃၀၀ လောက်ရတဲ့လူက ဒီနှစ် တင်း ၁၀၀ လောက်တောင်မရဘူး။ မတ်ပဲ ဆိုရင် အထွက်နည်းရတဲ့အထဲ ဝယ်လက်မရှိတော့ ဈေးလည်းမကောင်းဘူး။ နှစ်တိုင်းဆို မတ်ပဲတစ်တင်းကို ကျပ် ၂၀၀၀၀ ကျော် ၃၀၀၀၀ လောက်ရတာ။ ဒီနှစ် ကျပ် ၇၀၀၀၊ ၈၀၀၀ လောက်နဲ့ပဲ ရောင်းနေကြတယ်။ ပဲရင်း (ချင်းပဲ) ကတော့ ဒီနှစ်မဆိုးဘူး ပြောရမှာပေါ့။ အရင်နှစ်တွေထက် ဈေးကောင်းတယ်။ တစ်တင်းကို ကျပ် ၁၅၀၀၀ အထိရတယ်။ ဒါပေမဲ့ အထွက်နှုန်း နည်းပြန်ရော။ ဒီမှာက လယ်အဓိက မဟုတ်ဘဲ သီးကြမ်း (ပဲမျိုးစုံ) ကိုပဲ အဓိကအားထားပြီး စိုက်ကြတာ။ အခုလိုဖြစ်တော့ တောင်သူတွေ တော်တော်လေးကို အဆင်မပြေဖြစ်ကြတယ်” ဟု ပဲစိုက်တောင်သူ ဒေါ်မိုးမိုးက ပြောကြားသည်။

ဟုမ္မလင်းမြို့နယ်ရှိ တောင်သူများသည် သီးကြမ်း (ပဲမျိုးစုံ) ကိုသာ အဓိကအားထား စိုက်ပျိုးကြပြီး စိုက်ပျိုးစရိတ်ချေးငွေများကို  သီးကြမ်းများ ပြန်လည်ရောင်းချပြီးမှ ပြန်လည်ပေးဆပ်ကြရာ ယခုအခါ စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ပေးဆပ်ရန် အခက်တွေ့နေကြကြောင်းလည်း သိရသည်။

“ချေးငွေယူတုန်းကတော့ စပါးစိုက်ဖို့ဆိုပြီး ယူတာပေါ့။ စပါးစိုက်ဖို့ပေးတဲ့ ချေးငွေနဲ့ ပဲစိုက်ဖို့ပေးတဲ့ ချေးငွေကလည်း ကွာတယ်လေ။ စပါးစိုက်ဖို့ပေးတဲ့ ချေးငွေက ပိုများတော့ တောင်သူတိုင်းလိုလိုက ချေးငွေယူကြတယ်။ ဒါပေမဲ့ ဒီဘက်ကလယ်တွေက စီးပွားဖြစ်စိုက်လို့ မရဘူးလေ။ အောက်အရပ်ဘက်က လယ်တွေလိုလည်း အထွက်နှုန်းမကောင်းဘူး။ ဒါကြောင့် ယူထားတဲ့ချေးငွေကို ပဲတွေရောင်းပြီးတော့ ဆပ်ကြရတာ။ နှစ်တိုင်း ဒီလိုပဲဆပ်ပြီး အဆင်ပြေကြပေမယ့် ဒီနှစ်တော့ ပဲမရကြတာရော ဈေးမကောင်းတာရောကြောင့် ဒုက္ခရောက်ကြတယ်။ တချို့ချေးငွေယူထားတာရော ပွဲစားတွေဆီက ငွေကြိုတင်ယူထားတွေပါ ပြန်မဆပ်နိုင်ကြဘူး” ဟု ပဲစိုက်တောင်သူ ဦးမင်းကိုက ပြောကြားသည်။

ဟုမ္မလင်းမြို့နယ်အတွင်း ပဲမျိုးစုံစိုက် ဧကပေါင်း ၂၀၀၀၀ ကျော်ရှိပြီး မတ်ပဲ၊ မြေပဲ၊ မြေထောက်ပဲ၊ ပဲရင်းနှင့် အခြားပဲမျိုးစုံကို ရောနှောစိုက်ပျိုးကြောင်း ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

Most Recent