<

ဖာပွန်ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ ယခုလကုန် ဆွေးနွေးမည်

ကရင်ပြည်နယ် ဖာပွန်ဒေသတွင် ဖြစ်ပွားခဲ့သည့် ထိတွေ့မှုနှင့် ပတ်သက်၍ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့မှ ထိပ်ပိုင်းခေါင်းဆောင်များ ယခုလကုန်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အတွင်းရေးမှူး(၁)ဒေါက်တာ ရွှေခါးရ်က ပြောကြားသည်။

JMC-U ၏ (၁၅) ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် မတ် ၂၁ ရက်က စတင်ပြုလုပ်ခဲ့ရာ နှစ်ရက်တာ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ ဒေါက်တာရွှေခါးရ်က ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

“KNU ဘက်ကလည်း ဗဟိုအဆင့် တပ်မဟာ(၅)ရဲ့ ခေါင်းဆောင်အပါအ၀င် တပ်မဟာအားလုံး။ ပြီးတော့ ဗဟိုအဆင့်တွေ ပါဝင်မယ်။ တပ်မတော်ဘက်ကလည်း အကြီးအကဲတွေ ပါဝင်ပြီးတော့ ဆွေးနွေးကြမယ်။ ရှင်းလင်းကြမယ်။ အဲဒီလိုမျိုး ကျွန်တော်တို့ သဘောတူညီမှု ရရှိခဲ့ပါတယ်” ဟု၎င်းက ပြောကြားသည်။

မတ်လဆန်းပိုင်းမှစ၍ ကရင်ပြည်နယ် ဖာပွန်ခရိုင်၌ တပ်မတော်မှ ကားလမ်းဖောက်သည့် ကိစ္စနှင့်ပတ်သက်၍ တပ်မတော်နှင့် KNU ၏ တပ်မဟာ(၅)တို့ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

ထို့ပြင် အစည်းအဝေး၌ ဖာပွန်ဖြစ်စဉ်အပါအ၀င်ဆုံး ဖြတ်ချက်ခြောက်ချက် ချမှတ်နိုင်ခဲ့ကြောင်း JMC-U အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောကြားသည်။

“မွန်ပြည်သစ်ပါတီကို JMC-U မှာ အဖွဲ့ ၀င်အဖြစ် အသိအမှတ်ပြုပြီးတော့ စတင်ဆောင်ရွက်နေပြီဆို တာကိုဆုံးဖြတ်ပါတယ်။ နောက်တစ်ခါ မွန်ပြည်သစ်ပါတီနဲ့ပတ်သက်ပြီးတော့ JMC-S မှာ သူတို့အတွက် ဆက်လက်ပြီးတော့ ပါဝင်ဖွဲ့စည်းရေးအတွက် ဆက်လက်ဆွေးနွေးရန်  ဒါကိုလည်း ဆုံးဖြတ်ခဲ့ပါတယ်။ နောက်တစ်ခု အနေနဲ့ UNDP ကနေပြီးတော့ ကျွန်တော်တို့ရဲ့ စီမံခန့်ခွဲရေးအသုံးစရိတ်နဲ့ ပတ်သက်ပြီးတော့ ကိုယ်တို့နဲ့ လုပ်ဆောင်မယ့် ဘတ်ဂျက်နဲ့ပတ်သက်ပြီးတော့ ဒီဟာကိုဆက်ပြီးတော့ မူလအတိုင်းပေါ့။ ဘတ်ဂျက်တွေလည်း ဆက်ပြီးတော့အကောင်အထည်ဖော်သွားဖို့ ဒါလေးလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်။ နောက်တစ်ခုကတော့ ဖာပွန်ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ JMC အဆင့်ဆင့်ကနေပြီးတော့ အရပ်သားကိုယ်စားလှယ်တွေ ပါဝင်ပြီးတော့ သူတို့ကို ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းမယ်။ ညှိနှိုင်းရေးအဖွဲ့ကနေပြီးတော့ ကိုယ်တို့ကြားထဲမှာ ကြားဝင်ညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်နေတဲ့ ပဋိပက္ခလေးကို ချုပ်ငြိမ်းသွားအောင်ပေါ့နော်။ ဒါလေးကိုဆောင်ရွက်သွားကြမှာ ဆိုတာလေးကို ဆုံးဖြတ်ခဲ့ပါတယ်။ နောက်တစ်ခုကတော့ ဖာပွန်ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ကိုယ်တို့ တပ်မတော်နဲ့ KNU – KNLA ခေါင်းဆောင်တွေနဲ့ပေါ့နော်။ ၂၀၁၈ မတ်လ ၂၉ ရက် သို့မဟုတ်၃၀ ရက်နေ့မှာ ကျောက်ကြီးမှာတွေ့ဆုံပြီးတော့ ဆွေးနွေးသွားကြဖို့ ဒါလေးလည်း ဆုံးဖြတ်ခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ စတုတ္ထအကြိမ်မှာ JMC အဆင့်ဆင့်မှာ ပါဝင်တဲ့ အရပ်သားကိုယ်စားလှယ်တွေ လေးလတစ်ကြိမ် တွေ့ဆုံပွဲ ညီလာခံလုပ်တာ ရှိပါတယ်။ အဲဒီတွေ့ဆုံပွဲ ညီလာခံကိုတော့ ၂၀၁၈ ခုနှစ် ဇူလိုင်လ ဒုတိယအပတ်မှာတော့ ကရင်ပြည်နယ် ဖာပွန်မှာတော့ လုပ်ဆောင်သွားဖို့ လျာထားဆုံးဖြတ်ခဲ့တာတွေ ရှိပါတယ်” ဟု  ဗိုလ်မှူးကြီးဝဏ္ဏအောင်က ဆိုသည်။

March 23, 2018














Copy Protected by Chetan's WP-Copyprotect.