အိမ်သုံးမီတာ သတ်မှတ်ကြေးများကို အမျိုးအစားသုံးမျိုးခွဲခြား၍ ဧပြီ ၁ ရက်မှ စတင်ပြင်ဆင်ကောက်ခံမည်ဖြစ်ပြီး ကျေးလက်ဒေသသုံးအတွက် ကျပ် ၄၅၀၀၀၊ မြို့ငယ်သုံးအတွက် ကျပ် ၇၅၀၀၀၊ မြို့ကြီးသုံးအတွက် ကျပ် ၉၀၀၀၀ ကျသင့်မည်

အိမ်သုံးမီတာ သတ်မှတ်ကြေးများကို အမျိုးအစားသုံးမျိုးခွဲခြား၍ ဧပြီ ၁ ရက်မှ စတင်ပြင်ဆင်ကောက်ခံမည်ဖြစ်ပြီး ကျေးလက်ဒေသသုံးအတွက် ကျပ် ၄၅၀၀၀၊ မြို့ငယ်သုံးအတွက် ကျပ် ၇၅၀၀၀၊ မြို့ကြီးသုံးအတွက် ကျပ် ၉၀၀၀၀ ကျသင့်မည်
Published 23 March 2018

 

အိမ်သုံးမီတာသတ်မှတ်ကြေးများကို အမျိုးအစားသုံးမျိုးခွဲခြား၍ ဧပြီ ၁ ရက်မှ စ တင်ပြင်ဆင်ကောက်ခံမည်ဖြစ်ပြီး ကျေးလက်ဒေသသုံးအတွက် ကျပ် ၄၅၀၀၀၊ မြို့ငယ် သုံးအတွက် ကျပ် ၇၅၀၀၀၊ မြို့ကြီးသုံးအတွက် ကျပ် ၉၀၀၀၀ ကျသင့်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အိမ်သုံးမီတာများ သတ်မှတ်ကြေး (Infrastucture) နှုန်းထား ပြင်ဆင်သတ်မှတ်ကောက်ခံမည့်ကိစ္စကို မတ် ၂၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။

အိမ်သုံးမီတာသတ်မှတ်ကြေးများအဖြစ် ဧပြီ ၁ ရက်မှစတင်ကောက်ခံမည့်နှုန်းထားများမှာ ကျေးလက်ဒေသသုံး (၅/ ၃၀)  Manural အတွက် ကျပ် ၃၅၀၀၀၊ မြို့ငယ် သုံး (၅/ ၃၀) HHU အတွက် ကျပ် ၆၅၀၀၀၊ မြို့ကြီးသုံး (၁၀/ ၆၀) HHU အတွက် ကျပ် ၈၀၀၀၀ ဖြစ်သည်။ ထို့ပြင် အခြားကုန်ကျစရိတ်များအဖြစ် အာမခံစပေါ်ငွေ ကျပ် ၄၀၀၀၊ ကြိုးသွယ်ခကျပ် ၂၀၀၀၊ မီးဆက်ခ ကျပ် ၂၀၀၀၊ ကြီးကြပ်ခ ကျပ် ၁၀၀၀၊ မီတာ လျှောက်လွှာမှတ်ပုံတင်ကြေး ကျပ် ၁၀၀၀  အဆိုပါမီတာတပ်ဆင်ရာတွင် ပါဝင်မည်ဖြစ်၍ စုစုပေါင်းကောက်ခံရမည့် နှုန်းထားအနေဖြင့် ကျေးလက်ဒေသသုံးမီတာဆိုပါက ကျပ် ၄၅၀၀၀၊ မြို့ငယ်သုံးမီတာဆိုပါက ကျပ် ၇၅၀၀၀၊ မြို့ကြီးသုံးမီတာဆိုပါက ကျပ် ၉၀၀၀၀ ကျသင့်မည်ဖြစ်သည်။

“ဧပြီ ၁ ရက်ကစပြီး ဒီနှုန်းထားအတိုင်း ကောက်ခံရမှာ ဖြစ်ပါတယ်။ မြို့ကြီးတွေမှာ တပ်ဆင်ထားတဲ့ မီတာက အခုသတ်မှတ်ချက် မဟုတ်ဘူးဆိုလည်း ပြန်လဲနိုင်မှာဖြစ်ပါတယ်။ အခုသတ်မှတ်တဲ့ နှုန်းထားအတိုင်းမဟုတ်ဘဲ ပိုတောင်းတယ်ဆိုရင်ဌာနကို တိုင်ကြားနိုင်ပါတယ်” ဟု လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လျှပ်စစ်ဓာတ်အား စတင်သုံးစွဲမည့် ကျေးလက်နေပြည်သူများအနေဖြင့် မီတာတစ်လုံးလျှင် ကျပ် ၃၀၀၀၀ ဝန်းကျင်ဖြင့် သုံးစွဲနိုင်ရန် ဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦဝင်းခိုင်က မတ် ၉ ရက်တွင် ပြောကြားသည်။

“အခုကျွန်တော်တို့တွေ Reveiw လုပ်တယ်။ အရေးကြီးတာက နောက်ပိုင်း တိုင်းပြည်မှာလည်း မီးမရတဲ့ရွာအများကြီး ကျန်သေးတယ်။ ရာခိုင်နှုန်း ၆၀ လောက်ကစပြီး မီးသုံးမယ့်သူတွေက မီတာဖိုးကြီးမှာ သူတို့အတွက် အများကြီး အခက်အခဲဖြစ်တယ်။ ဒါကြီးကို မကျော်လွှားနိုင်ဘူး၊ မီတာဖိုးကြီးက ဈေးကြီးလွန်းလို့။ အခုလုပ်လိုက်တဲ့စနစ်က ကျေးလက်က ကျေးလက်မီတာသုံးမယ်။ တခြားဟာလည်းသုံးလို့ရတယ်။ သူ့တော့ Limit မလုပ်ထားဘူး။ ဒါပေမဲ့ သူ့အတွက်လည်း Save ဖြစ်တယ်။ လိုအပ်တဲ့လျှပ်စစ်ကို ဘေးအန္တရာယ်ကင်းကင်း ပေးနိုင်တယ်။ ဒီလို မီတာမျိုးလေးက ဒီလောက်ဈေးမကြီးဘူး။ ဒါဆို နှစ်သောင်း၊ သုံးသောင်းလောက်နဲ့ ပြီးသွားတဲ့ကိစ္စ” ဟု ဦးဝင်းခိုင်က ဆိုသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြန်လည်ဆန်းစစ်မှုများ ပြုလုပ်ရာတွင် နိုင်ငံအတွင်း လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာအများအပြားရှိနေပြီး မီးစတင်သုံးစွဲမည့် သူများအနေဖြင့် မီတာတန်ဖိုးမှာ သုံးစွဲမည့် သူများအတွက် အခက်အခဲဖြစ်နေကြောင်း ၎င်းက ဆိုသည်။

“မီတာက ဈေးအများကြီးသက်သာသွားမယ်၊ မီတာက အဓိကအခက်အခဲကြီး ဖြစ်နေတာ။ မီတာ ရှစ်သောင်း၊ ကိုးသောင်းက အများကြီးဒုက္ခရောက်နေတာ။ မီတာဈေးကို အန္တရာယ်လည်းလုံးဝကင်းရမယ်၊ လျှပ်စစ်ရဲ့ ဥပဒေနဲ့လည်းကိုက်ညီရမယ်၊ ဒီလိုမီတာကို လိုတဲ့လူထုဆီကို ဈေးအသက်သာဆုံးနဲ့ အရောက်ပို့ပေးရမယ်။ လျှပ်စစ်ကို သူတို့တွေ ဈေးသက်သက်သာသာနဲ့စပြီးတော့ သုံးဖို့အတွက် အခက်အခဲကြီးမဖြစ်အောင်၊ ဒီဟာကို မြန်မြန်ကျော်လွှားလို့ရအောင်ပါ” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent