ရွှေတိဂုံစေတီတော်ကို ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းရန် ဆောင်ရွက်နေသောကြောင့် စေတီတော်အနီးဝန်းကျင်နှင့် ဈေးများအဆင့်မြှင့်ရန် လေ့လာဆန်းစစ်မည်ဟု ဆို

ရွှေတိဂုံစေတီတော်ကို ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းရန် ဆောင်ရွက်နေသောကြောင့် စေတီတော်အနီးဝန်းကျင်နှင့် ဈေးများအဆင့်မြှင့်ရန် လေ့လာဆန်းစစ်မည်ဟု ဆို
Published 23 March 2018

ရွှေတိဂုံစေတီတော်ကို ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းရန် ဆောင်ရွက်နေသောကြောင့် စေတီတော်အနီး ပတ်ဝန်းကျင်နှင့် ဈေးများအား အဆင့်မြှင့်တင်ရန် လေ့လာဆန်းစစ် ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက မတ် ၂၂ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၆ ရက်မြောက်နေ့) တွင် ပြောကြားသည်။

ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွဋ်က “ဗဟန်းမြို့နယ် မြေတိုင်းအမှတ် (၆၄) ရေတာရှည်လမ်းဟောင်းမှ အုတ်လမ်းထောင့်၊ အရှေ့ဘက်ကြေးသွန်းဘုရားကြီး၊ အနောက်ဘက် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်၊ တောင်ဘက်ရွှေနံ့သာ အုပ်ချုပ်ရေးမှူးရုံးနှင့် လူနေရပ်ကွက်၊ မြောက်ဘက်ဘုန်းကြီးကျောင်းများနှင့် ကြားတောရရပ်ကွက် လူနေအိမ်များရှိ အနီးအနားမှာရှိသော ဗဟန်းဈေးကြီးအား အဆင့်မြှင့်ဈေးအဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် မရှိလျှင်လည်း ပြန်လည်ပြုပြင် မွမ်းမံခြင်းလုပ်ငန်းများ မည်သို့ဆောင်ရွက်မည်” ကို လွှတ်တော်၌ မေးမြန်းမှုကို မြို့တော်ဝန်က ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဗဟန်းဈေးဟာ ရွှေတိဂုံဘုရားရဲ့ဘေးမှာတည်ရှိပြီးတော့ ရွှေတိဂုံစေတီကိုလည်း ကမ္ဘာ့အမွေအနှစ်သွင်းဖို့ လုပ်နေတာဖြစ်တဲ့ အတွက်ကြောင့် ဘုရားပတ်ဝန်းကျင်ကိုလည်း စီမံခန့်ခွဲမှုကိုလည်း အဆင့်မြှင့်ရမှာမို့လို့ ဗဟန်းဈေး ပြန်လည်တည်ဆောက်တဲ့အခါမှာ သက်ဆိုင်ရာပညာရှင်များနဲ့ လေ့လာစစ်ဆန်းဖို့ လိုအပ်တယ် ဆိုပြီးတော့ မှတ်တမ်းထားခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဗဟန်းဈေးအသစ် ပြန်လည်တည်ဆောက်ရေးနဲ့ ပတ်သက်လို့ ဈေးဆိုင်ခန်း ၄၃၅ ခန်းနဲ့ ပထမအထပ်က လူနေတိုက်ခန်း ၁၆ ခန်း၊ အိမ်ထောင်စု ၁၁ စုရဲ့ သဘောထားဆန္ဒတွေ၊ သက်ဆိုင်ရာပညာရှင်များရဲ့ လေ့လာဆန်းစစ်မှုကို ရယူပြီးတော့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဆွေးနွေးပြီး ဆက်လက် ဆောင်ရွက်သွားပါမယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

၂၀၁၈ ခုနှစ် မတ် ၁၃ ရက်တွင် ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်ရှိ အောင်ဆန်းဓမ္မာရုံတွင် ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားများ၊ မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်း၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးတို့ဖြင့် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗဟန်းဈေးကြီးကို ၁၉၄၀ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ဈေးရုံနှစ်ရုံ မီးလောင်ခဲ့သည့်အတွက် ဈေးရုံခြောက်ရုံဖြင့် ပြန်လည်တည်ဆောက်ခဲ့ကြောင်း၊ တည်ဆောက်သည့်ဈေးရုံမှာ ကွန်ကရစ်နှစ်ထပ် RC ဖြင့် တည်ဆောက်ခဲ့ပြီး မြေညီထပ်တွင် ဈေးခန်းပေါင်း ၂၃၇ ခန်းခန့်ရှိကာ အပေါ်ထပ်တွင် လူနေတိုက်ခန်း ၁၆ ခန်းရှိကြောင်း သိရသည်။

လူနေတိုက်ခန်း ၁၆ ခန်း ရှိသော်လည်း အိမ်ထောင်စုဦးရေမှာ ၁၁ စု တွေ့ရှိကြောင်း၊ ၂၀၁၅ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဈေးဧရိယာအတွင်းမှာရှိသည့် မီးသွေးကုန်းတွင် Steel Structure ဖြင့် နှစ်ထပ်တည်ဆောက်ခဲ့ပြီး အောက်ထပ်တွင် ငါးပေပတ်လည်ဖြင့် ဆိုင်ခန်း ၆၆ ခန်း၊ အပေါ်ထပ်တွင် ပျံကျဈေးသည်များ ဈေးရောင်းနိုင်ရန် Hall Type တစ်ခုကို တည်ဆောက်ပေးခဲ့ကြောင်း မြို့တော်ဝန်က ပြောကြားသည်။

ဗဟန်းဈေးအဆင့်မြှင့်တင်မှု ဘဏ္ဍာငွေ ရရှိမှုပေါ်မူတည်၍ နှစ်စဉ်ပြုပြင်ခဲ့ကြောင်း၊ သားငါးရုံဘေးရှိ ရေမြောင်းများကို အကြီးစားပြင်ပေးခြင်း၊ ဈေးရုံအမိုးမိုးပေးခြင်း၊ လျှပ်စစ်မီးသွယ်တန်းခြင်းနှင့် တချို့နေရာများတွင် သံဘာချာတံခါးတပ်ပေးခြင်းစသည်တို့ ပြုလုပ်ပေးခဲ့ကြောင်း ပြောကြားသည်။

Most Read

Most Recent