မြဝတီ ဒေါနတောင်ကျော် ကုန်သွယ်လမ်းသစ် ဖောက်လုပ်ပြီးနောက် ဘဏ္ဍာနှစ်ကုန်ဆုံးရန် သုံးပတ်အလိုတွင် ယခင်နှစ်ကာလတူထက် သွင်းကုန် ဒေါ်လာသန်း ၅၀ ကျော် လျော့နည်း

မြဝတီ ဒေါနတောင်ကျော် ကုန်သွယ်လမ်းသစ် ဖောက်လုပ်ပြီးနောက် ဘဏ္ဍာနှစ်ကုန်ဆုံးရန် သုံးပတ်အလိုတွင် ယခင်နှစ်ကာလတူထက် သွင်းကုန် ဒေါ်လာသန်း ၅၀ ကျော် လျော့နည်း
Published 23 March 2018

မြန်မာနိုင်ငံဘက်သို့ တင်သွင်းလာသာ ထိုင်းကုန်ကားများကို တွေ့ရစဉ်

မြဝတီ ဒေါနတောင်ကျော် ကုန်သွယ်လမ်းသစ် ဖောက်လုပ်ပြီးနောက် ဘဏ္ဍာနှစ် ကုန်ဆုံးရန် သုံးပတ်အလိုတွင် ယခင်နှစ်ကာ လတူထက် ထိုင်းကုန်စည်များ တရားဝင်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် လျော့ကျနေဆဲဖြစ်ကြောင်း သိရသည်။

နယ်စပ်စခန်းများအနက် ဒုတိကုန်သွယ်မှု အများဆုံးဖြစ်သော မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံဘက်သို့ ပို့ကုန်တင်ပို့မှုမှာ ယခင်နှစ်က ထက်မြင့်တက်နေသော်လည်း ပြည်တွင်းသို့ တရားဝင်တင်သွင်းမှု မှာ  မတ် ၉ ရက်အထိ အမေရိကန်ဒေါ်လာ၇၅၉ ဒသမ ၇၅၀ သန်းသာ ကုန်သွယ်နိုင်ခဲ့၍ ယခင်နှစ်ကာလတူ ကထက် ဒေါ်လာသန်း ၅၀ ဒသမ ၀၂၉ သန်း လျော့နည်းနေသေးကြောင်း စီးပွားကူးသန်းဌာနမှ မတ် ၉ ရက်က ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

ဒေါနတောင်ကျော် အာရှအမြန်လမ်း သစ်ဖောက်လုပ်ပြီးနောက် ကုန်သွယ်မှု အရှိန်အဟုန် မြင့်တက်ခဲ့ကာ ယခင်၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မတ် ၉ ရက်အထိ  ပို့ကုန် (၅၅ ဒသမ ၇၉၉ သန်းနှင့် သွင်းကုန် ၈၀၇ ဒသမ ၇၇၉ သန်းပါ မြင့်တက်ခဲ့၍ အမေရိကန်ဒေါ်လာ စုစုပေါင်း ၈၆၅ ဒသမ ၆၇၆ သန်း ကုန်သွယ်နိုင်ခဲ့သော်လည်း ယခုနှစ်တွင် ပို့ကုန်တင်ပို့မှု ၇၄ ဒသမ ၀၉၂သန်းနှင့် သွင်းကုန် ၇၆၉ ဒသမ ၇၅၀ သန်း ကုန်ထားကြောင်း သိရသည်။

ယခုနှစ် စံအရ ပြည်ပပို့ကုန် မြင့်တက်လာသော်လည်း မြန်မာ့လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ငါး သယံဇာတများနှင့် ဘယဆေးနှင့် နှမ်းများ တင်ပို့နိုင်မှုမှာ ထိုင်းနိုင်ငံမှ ပြည်တွင်းသို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများထက် ၁၃ ဒသမ ၆ ဆကျော်လျော့နည်းနေဆဲ ဖြစ်သည်။

ပြည်တွင်းသို့ တင်သွင်းသည့် သွင်းကုန်များ လျော့ကျလာခြင်းနှင့်ပတ်သက်၍ “အကောင်းဘက်ကကြည့်မယ်ဆိုရင် ပြည်တွင်းမှာ နိုင်ငံခြားကုန်ပစ္စည်း ဝယ်လိုအား လျော့နည်းလာတာ ဖြစ်တဲ့အတွက် ကောင်းပါတယ်။ တစ်ဖက်မှာလည်း ပြည်ပပို့ကုန်အပိုင်းမှာ ယခင်နှစ်တွေထက် မြင့်တက်နေပါတယ်” ဟု မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်း အကောက်ခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံထုတ် မော်တော်ဆိုင်ကယ်၊ အလှကုန်၊ စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်ဆောက်ပစ္စည်းအမျိုးမျိုး၊ ဘိလပ်မြေ၊ သွပ်၊ သံနှင့် ကားအပိုပစ္စည်းများ၊ စက်ယန္တရားများ၊ စက်သုံးဆီ၊ ဓာတ်ငွေ့ရည်များ၊ လယ်ထွန်စက်၊ ဘိလပ်မြေဖျော်စက်များ၊ အဝတ်အထည်၊ ပလပ်စတစ်ပစ္စည်းများ ၊တရားဝင်တင်သွင်းလျက်ရှိသလို နှစ်သစ်ကူးသြင်္ကန်ပွဲတော်အကြို ကုန်စည်အဖြစ် အရည်အသွးမပြည့်မီသော ဘီယာများကို တရားမဝင် တင်သွင်းလျက်ရှိသည်။

ထို့ပြင် ပြည်တွင်း၌ မွေးမြူရေးလုပ်ငန်းရှင်များအား ကြက်ဥတစ်လုံး တစ်ကျပ်နှုန်း အခွန်ကောက်ခံမည်ဆိုသော သတင်းထွက် ပေါ်လာချိန်တွင် ထိုင်းနိုင်ငံဘက်မှကြက်သား အသည်း၊ နှလုံး၊ ပါကင်ထုပ်များနှင့် ကြက်ဥများ အလုံးအရင်းဖြင့် တင်သွင်းနေဆဲဖြစ်ကြောင်း သိရသည်။

မြန်မာ့ထွက်ကုန်ပစ္စည်းများအား ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင် ထိုင်းနိုင်ငံ၏ နိုင်ငံသား လုပ်ငန်းရှင်များအတွက် ဥပဒေနှင့် အကာအကွယ်ပေးထာပြီး မရောင်းချနိုင်သည့်အခွန်များဖြင့် ဟန့်တားခြင်းခံရသည်ဟု မြန်မာကုန်သည်များက ဆိုသည်။

Most Read

Most Recent