ဆန်စပါးအခြောက်ခံစက်နှင့် သိုလှောင်ရုံ ပူးတွဲပါဝင်သည့် DSC Project နေရာ ၁၀၀ ကို တည်ဆောက်နိုင်ရန် ချေးငွေ ကျပ် ၅၀ ဘီလျံခန့်ရရှိရေး အစိုးရထံ တင်ပြထား

ဆန်စပါးအခြောက်ခံစက်နှင့် သိုလှောင်ရုံ ပူးတွဲပါဝင်သည့် DSC Project နေရာ ၁၀၀ ကို တည်ဆောက်နိုင်ရန် ချေးငွေ ကျပ် ၅၀ ဘီလျံခန့်ရရှိရေး အစိုးရထံ တင်ပြထား
Published 23 March 2018

ဆန်စပါး အခြောက်ခံစက်နှင့် သိုလှောင်ရုံများ ပူးတွဲပါဝင်သည့် Drying & Storage Center (DSC Project) နေရာ ၁၀၀ ကို အမြန်ဆုံး စတင်တည်ဆောက်ထားရှိနိုင်ရေးအတွက် ချေးငွေ ကျပ်၅၀ ဘီလျံခန့်ကို သက်သာသော အတိုးနှုန်းဖြင့် အမြန်ဆုံးရယူ ဆောင်ရွက်နိုင်ရေး ကူညီထောက်ပံ့ပေးရန် အစိုးရထံ တင်ပြထားကြောင်း မြန်မာနိုင်ငံ စပါးအသင်းချုပ်မှ သိရသည်။

ပြည်ပသို့ ဆန်တင်ပို့ရာတွင် ကြာရှည် သိုလှောင်နိုင်မည့် သိုလှောင်ရုံများ၊ အခြောက်ခံစက်များသည် ဆန်စပါးကဏ္ဍအတွက် အလွန်အရေးကြီးသော လိုအပ်ချက်ဖြစ်သဖြင့် အဆိုပါ စီမံကိန်းကို အထောင်အထည် ဖော်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါချေးငွေ ကျပ် ၅၀ ဘီလျံသည် စီမံကိန်းကုန်ကျစရိတ်၏ ရာခိုင်နှုန်း ၇၀ ဖြစ်ပြီး ကျန်ကုန်ကျစရိတ်ရာခိုင်နှုန်း ၃၀ ကိုမူ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ Equity အဖြစ်ထည့်ဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆန်စပါးကဏ္ဍအတွက် ဆောင်ရွက်ပေးသင့်သော အကြံပြုချက်များနှင့် စပါးသီးနှံစိုက်ပျိုးသော တောင်သူလယ်သမားအတွက် အခြေခံ စပါးဈေးနှုန်း ထုတ်ပြန်ကြေညာပေးရန် အကြံပြုချက်၌ ထည့်သွင်းဖော်ပြထားသည်။

မြန်မာ့ဆန်စပါးကဏ္ဍအတွက် ၂၀၁၈-၂၀၁၉ မှ ၂၀၂၀-၂၀၂၂ (၃ နှစ်) ကာလတိုအတွင်း ဦးစားပေးဆောင်ရွက်မည့် အစီအစဉ်များအရ ကာတိုစီမံချက်၏ မျှော်မှန်းချက် (Visoin)၊ ကာလတိုစီမံချက်၏ လုပ်ငန်းတာဝန်များ (Mission) နှင့် ကာလတိုစီမံချက်၏ ရည်မှန်းချက်များ (Target) တို့ကို ချမှက်ခဲ့ခြင်းဖြစ်သည်။

ယင်းအနက် ကာလတိုစီမံချက်၏ ရည်မှန်းချက်များအရ လာမည့် ၂၀၂၀-၂၀၂၁ တွင် ဆန်တန်ချိန် လေးသန်းတင်ပို့နိုင်ရန်နှင့် ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံအထိ ဝင်ငွေရရှိရန် ရည်မှန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

ပြည်ပသို့ ဆန်ပိုမိုတင်ပို့နိုင်ရန်အတွက် နိုင်ငံတကာဈေးကွက်များကို ပိုမိုရှာဖွေခဲ့ပြီး လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံပေါင်း ၆၂ နိုင်ငံအထိ တိုးချဲ့ကာ တင်ပို့နိုင်ခဲ့ကြောင်း၊ ယခင်ဘဏ္ဍာနှစ်များထက် နိုင်ငံပေါင်း ၂၂ နိုင်ငံကို တိုးချဲ့ကာတင်ပို့နိုင်ခဲ့ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းကဲ့သို့ နိုင်ငံတကာဈေးကွက်များကို ပိုမိုရှာဖွေထားနိုင်သည့်အတွက် လာမည့်ဘဏ္ဍာနှစ်များတွင် ပြည်ပသို့ ဆန်တင်ပို့နိုင်မည့် အခြေအနေကောင်းများရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားထားသည်။

“မြန်မာနိုင်ငံရဲ့ ဆန်စပါးဈေးကွက် တိုးချဲ့ရေးကို IFC,World Bank ပေါ့ ကမ္ဘာ့ဘဏ်ကလည်း ကူညီပေးတယ်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ကော်မတီတွေ နောက်တစ်ခါ ကုမ္ပဏီတွေကလည်း တိုးချဲ့လုပ်တော့ ဈေးကွက်ရှာဖွေရေးကတော့ တော်တော်ကောင်းနေပြီ အဲနောက်ကနေ ထုတ်လုပ်မှုကပါ လိုက်လာမယ်ဆိုရင် တန်ချိန်လေးသန်းကို ၂၀၂၀-၂၀၂၁ ခုနှစ်မှာ လွယ်လွယ်ကူကူနဲ့ ပို့နိုင်ပြီ” ဟု ဦးရဲမင်းအောင်က ဆိုသည်။

မြန်မာနိုင်ငံအနေနဲ့ ယခုနှစ်တွင် ဆန်စပါးထုတ်လုပ်မှုတွင် နိုင်ငံ၏စားနပ်ရိက္ခာဖူလုံရုံသာမက ပြည်ပသို့ ဆန်တန်ချိန်သုံးသန်းအထိ တိုးချဲ့တင်ပို့နိုင်ခဲ့သည့်အတွက် နှစ်ပေါင်း ၇၀ အတွင်း စံချိန်သစ်တစ်ရပ် မှတ်တမ်းတင် ရေးထိုးနိုင်ခဲ့ကြောင်း မတ် ၂ ရက်တွင် ကျရောက်သော တောင်သူလယ်သမားနေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့လိုက်သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။

Most Read

Most Recent