မြန်မာနိုင်ငံ၏ ရော်ဘာကဏ္ဍသည် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံတို့နှင့် နှိုင်းယှဉ်ပါက အထွက်နှုန်းရော အရည်အသွေးပါ နိမ့်ကျနေသည့်အတွက် နိုင်ငံတကာဈေးကွက်တွင် ဈေးကောင်းမရခြင်း၊ ဈေးနှိမ်ခံရခြင်းတို့နှင့် ရင်ဆိုင်နေရဟုဆို

မြန်မာနိုင်ငံ၏ ရော်ဘာကဏ္ဍသည် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံတို့နှင့် နှိုင်းယှဉ်ပါက အထွက်နှုန်းရော အရည်အသွေးပါ နိမ့်ကျနေသည့်အတွက် နိုင်ငံတကာဈေးကွက်တွင် ဈေးကောင်းမရခြင်း၊ ဈေးနှိမ်ခံရခြင်းတို့နှင့် ရင်ဆိုင်နေရဟုဆို
Published 23 March 2018

မွန်ပြည်နယ်အတွင်းရှိ ရော်ဘာကုန်ကြမ်း ထုတ်လုပ်သည့် လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

မြန်မာနိုင်ငံ၏ ရော်ဘာကဏ္ဍသည် ရော်ဘာစိုက်ပျိုးသည့် အခြားနိုင်ငံများဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံများနှင့် နှိုင်းယှဉ်ပါကအထွက်နှုန်းရော အရည်အသွေးပါ နိမ့်ကျနေသေးသည့်အတွက် နိုင်ငံတကာဈေးကွက်တွင် ဈေးကောင်းမရရှိခြင်း၊ ဈေးအနှိမ်ခံရခြင်းတို့နှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း မြန်မာ့ရော်ဘာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှီးနှောဖလှယ် ဆွေးနွေးပွဲ (Myanmar Rubber for-um-2018) တွင် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

ထို့ကြောင့် ရော်ဘာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ နည်းပညာများရယူခြင်း၊ သတင်းအချက်အလက်များ ဖလှယ်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် အပါအဝင် သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် စီစဉ်ဆောင်ရွက်ခြင်းများ လုပ်ဆောင်ကြရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက တိုက်တွန်းခဲ့သည်။

ရော်ဘာသည် ကမ္ဘာတစ်ဝန်းအရေးကြီးသည့် စက်မှုကုန်ကြမ်းသီးနှံတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် သံနှင့်သံမဏိလုပ်ငန်းပြီးလျှင် ဒုတိယအကြီးမားဆုံးစက်မှုလုပ်ငန်းဖြစ်ကြောင်း၊ ရော်ဘာသည်ကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်သည့်နေရာတွင် မရှိမဖြစ် အသုံးပြုရသော စက်မှုကုန်ကြမ်းတစ်ခုဖြစ်ပြီး ကမ္ဘာ့အကြီးမားဆုံး တာယာလုပ်ငန်းများ၏ ဝယ်လိုအားများကြောင့် ရော်ဘာသည် အဖိုးတန်နိုင်ငံခြား ဝင်ငွေရရှိစေသည့် ကုန်ပစ္စည်းတစ်ခုလည်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရော်ဘာကို အဓိကဦးစားပေး စက်မှုကုန်ကြမ်း သီးနှံအဖြစ် သတ်မှတ်ထားပြီး ရော်ဘာလုပ်ငန်း စဉ်ဆက်မပြတ် တိုးတက်မှုရရှိနေရေး အားစိုက်ဆောင်ရွက်သွားကြရန် ၎င်းကဆိုသည်။ နိုင်ငံတော်ပိုင်းကလည်း ရော်ဘာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် လိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ် ၂ ရက် အထိ ပြည်ပသို့ ရော်ဘာတန်ချိန် ၀ ဒသမ ၁၃၆ သန်းကျော် တင်ပို့ထားပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၁၇၉ သန်းအထိ ရရှိထားခြင်း ဖြစ်သည်။ နီလာ

Most Read

Most Recent