သီပေါမြို့အနီးရှိ သစ်တောကြိုးဝိုင်းတစ်ခုအတွင်း လက်ပြန်ကြိုးတုပ် အနေအထားဖြင့် လူတစ်ဦး သေဆုံး

သီပေါမြို့အနီးရှိ သစ်တောကြိုးဝိုင်းတစ်ခုအတွင်း လက်ပြန်ကြိုးတုပ် အနေအထားဖြင့် လူတစ်ဦး သေဆုံး
Published 22 March 2018

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် စံလောင်းကျေးရွာနှင့် ကုန်းမုံကျေးရွာကြားရှိ နမ္မသစ်တောကြိုးဝိုင်းအတွင်းတွင် မတ် ၂၁ ရက်က သစ်ပင်တွင်လက်နောက်ပြန် ကြိုးတုပ်အနေအထားဖြင့် လူတစ်ဦးသေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

သေဆုံးသူသည် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးဘဲ သေဆုံးသူ၏ လည်ဂုတ်တွင် သေနတ်ဒဏ်ရာကဲ့သို့ အပေါက်တစ်ခု တွေ့ရှိရကြောင်း သိရသည်။

“သီပေါမြို့နယ် စံလောင်းကျေးရွာ အကျော်က သစ်တောကြိုးဝိုင်းတစ်ခုအတွင်းမှာ လက်နောက်ပြန်ကြိုးတုပ် အနေအထားနဲ့ သေဆုံးနေတာပါ။ သေဆုံးသူက ဘယ်သူ၊ ဘယ်ကလဲဆိုတာ မသိသေးပါဘူး။ သူနဲ့ပတ်သက်တဲ့ သဲလွန်စတွေ ဘာမှမတွေ့ပါဘူး။ အသက်ကတော့ ခန့်မှန်းခြေ ၃၀ လောက်တော့ရှိမယ့်ပုံပါပဲ။ သေဆုံးတာကိုကြည့်ရင် ပုပ်ပွနေတဲ့အနေအထားအရ လေး၊ ငါးရက်လောက်ရှိပြီလို့ ခန့်မှန်းရပါတယ်” ဟု သီပေါမြို့ ဇာတ်စုလူငယ်ပရဟိတအဖွဲ့မှ ကိုမျိုးက ပြောကြားသည်။

“သစ်တောကြိုးဝိုင်းအတွင်းမှာ သေဆုံးနေတဲ့သူက ဘယ်သူဆိုတာ လောလောဆယ် မသိရသေးပါဘူး။ စုံစမ်းတုန်းရှိပါသေးတယ်။ ဒဏ်ရာကတော့ နောက်စေ့ကို ကျည်ဖောက်ဝင်တဲ့ဒဏ်ရာလို့ ယူဆရပါတယ်။ လွန်ခဲ့တဲ့ သုံးလေးရက်လောက်က သေဆုံးတယ်လို့ ခန့်မှန်းရပါတယ်” ဟု သီပေါမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူအား သီပေါမြို့ ဇာတ်စုလူငယ် ပရဟိတအဖွဲ့မှ သယ်ဆောင်ကာ သီပေါဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent