ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင် ပတ်သက်သူများအား ၁၂ ကြိမ်မြောက် ရုံးထုတ်ပြီး မူးယစ်မှု၊ လက်နက်မှု၊ ဆက်သွယ်ရေးမှုနှင့် ပို့ကုန်သွင်းကုန် အမှုတို့မှ တရားလိုပြ သက်သေနှစ်ဦးအား စစ်ဆေး

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင် ပတ်သက်သူများအား ၁၂ ကြိမ်မြောက် ရုံးထုတ်ပြီး မူးယစ်မှု၊ လက်နက်မှု၊ ဆက်သွယ်ရေးမှုနှင့် ပို့ကုန်သွင်းကုန် အမှုတို့မှ တရားလိုပြ သက်သေနှစ်ဦးအား စစ်ဆေး
Published 22 March 2018

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင် ပတ်သက်သူများအား မတ် ၂၁ ရက်က (၁၂) ကြိမ်မြောက် ရုံးထုတ်ပြီး မူးယစ်မှု၊ လက်နက်မှု၊ ဆက်သွယ်ရေးမှုနှင့် ပို့ကုန်သွင်းကုန်အမှုတို့မှ တရားလိုပြ သက်နှစ်ဦးအား စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရုံးချိန်းတွင် တရားလိုပြသက်သေ ဒုရဲအုပ် ဝေယံအောင်နှင့် ဒက္ခိဏသီရိမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းပေါအား ၎င်းတို့နှင့် သက်ဆိုင်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပုဒ်မ၊ လက်နက် အက်ဥပဒေပုဒ်မ၊ ဆက်သွယ်ရေး ဥပဒေပုဒ်မနှင့် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မတို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။

လာမည့် မတ် ၂၈ ရက် (၁၃) ကြိမ်မြောက် ရုံးချိန်းတွင် မူးယစ်မှု၊ လက်နက်မှု၊ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များအမှု၊ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် အမှုတို့မှ တရားလိုပြသက်သေ သုံးဦး စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင် ပတ်သက်သူများအား ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ် ရဲစခန်းများက လက်နက်အက်ဥပဒေ ပုဒ်မ ၁၉ (စ)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ)/၂၀၊ လက်နက် အက်ဥပဒေပုဒ်မ ၁၉-က/၁၉ (စ)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၉(က)/၂၁၊ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ၇၊ လက်နက်အက်ဥပဒေ ၉ (စ)/၁၉ (က) နှင့် တရားခံပြေးမှုတို့ဖြင့် ဒီဇင်ဘာ ၂၁ ရက် ပထမဆုံး ရုံးထုတ်စဉ်က တရားစွဲဆိုခဲ့သည်။

ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးရာတွင် ဖြိုးကိုကိုတင့်ဆန်းပါ သုံးဦးအား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇၊ ဖြိုးကိုကိုတင့်ဆန်း တစ်ဦးတည်းကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ ဖြင့် ဆက်လက် တရားစွဲဆိုခဲ့သည်။

ဖြိုးကိုကိုတင့်ဆန်း တစ်ဦးတည်းကို ရာဇသတ်ကြီးမှုအမှတ် ၆/၂၀၁၈ ဖြင့် အေလာနယ်မြေရဲစခန်းက ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၆ (၃) နှင့် ရာဇသတ်ကြီးမှုအမှတ် ၇/၂၀၁၈ ဖြင့် ဒက္ခိဏသီရိ မြို့နယ်ရဲစခန်းက ၁၉၂၃ ခုနှစ်မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၆ (၃) ဖြင့် ဇန်နဝါရီ ၁၀ ရက် တတိယအကြိမ် ရုံးထုတ်တွင် ဆက်လက် တရားစွဲတင်ခဲ့ပြီး ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများအား နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် ရာဇသတ်ကြီးမှုပုဒ်မ ၁၀ ခုနှင့် တရားခံပြေးမှု ပုဒ်မ နှစ်ခု (စုစုပေါင်းအမှု ၁၂ မှု) ဖြင့် တရားစွဲတင်ထားကြောင်း သိရသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၀ ခုဖြင့် တရားစွဲတင်ထားရာ ဆက်သွယ်ရေးဥပဒေ ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားသည့် အမှုနှင့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်အက်ဥပဒေပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုထားသည့် အမှုကိုသာ ပေါင်းစစ်ဆေးသင့်ကြောင်း ဇန်နဝါရီ ၂၄ ရက် ခြောက်ကြိမ်မြောက် ရုံးချိန်းတွင် ဒက္ခိဏခရိုင် တရားသူကြီး ဦးလှဝင်းက အမိန့်ချမှတ်ခဲ့သည်။

Most Read

Most Recent