ပုသိမ်ကြီးမြို့နယ်တွင် အရွယ်မရောက်သေးသည့် မိန်းကလေးအား ရိုက်နှက် နှိပ်စက်ပြီး အလိုမတူဘဲ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ ကာယကံရှင်မိသားစု သတင်းစာရှင်းလင်း

ပုသိမ်ကြီးမြို့နယ်တွင် အရွယ်မရောက်သေးသည့် မိန်းကလေးအား ရိုက်နှက် နှိပ်စက်ပြီး အလိုမတူဘဲ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ ကာယကံရှင်မိသားစု သတင်းစာရှင်းလင်း
Published 22 March 2018

အရွယ်မရောက်သေးသူ မိန်းကလေးအား ရိုက်နှက်နှိပ်စက်ပြီး အလိုမတူဘဲ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ မတ် ၂၁ ရက်တွင် ကာယကံရှင်များက သတင်းစာရှင်းလင်းစဉ်

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် အရွယ်မရောက်သေးသည့် မိန်းကလေးအား ရိုက်နှက်နှိပ်စက်ပြီး အလိုမတူဘဲ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ အဓမ္မပြုကျင့်ခံရသည့် မိန်းကလေး အပါအဝင် ၎င်း၏ မိသားစုဝင်များက မတ် ၂၁ ရက်တွင် မန္တလေးမြို့ မေတ္တာကမ်ပိန်းစင်တာ၌ သတင်းစာရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းမှုကို အဓမ္မပြုကျင့်ခြင်း ခံရသည့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးနှင့် မိခင်ဖြစ်သူက ရှင်းလင်းခဲ့ကြပြီး ကျူးလွန်သူနှင့် ပါဝင်ပတ်သက်သူများကို ပြင်းထန်စွာ အရေးယူအပြစ်ပေးရန်အတွက် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ္တရာမြို့နယ် လမိုင်းအုပ်စု လက်ဝဲကြီးကျေးရွာတွင် နေထိုင်သည့် ဒေါ်… ၏ သမီးဖြစ်သူ မ… (၁၇ နှစ်ကျော်) သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က ပုသိမ်ကြီးမြို့နယ် အောင်မင်္ဂလာ (၁) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် တစ်လလျှင် ကျပ် ၈၀၀၀၀ ဖြင့် ကလေးထိန်း၊ အဝတ်လျှော်ခြင်းအလုပ်များ လုပ်ကိုင်ရန်အတွက် ရောက်ရှိခဲ့ကြောင်း၊ ယင်းသို့ ရောက်ရှိပြီးနောက် မ…အား ဖေဖော်ဝါရီ ၂၈ ရက်ညတွင် မ… အလုပ် လုပ်ကိုင်နေသည့် နေအိမ်ရှိ မ… အိပ်နေသော အခန်းကို အိမ်ရှင်ဖြစ်သူ၏ သားဖြစ်သူ ဖိုး၀ (ခ) ရဲမင်းထွန်းသည် အိပ်ခန်းတံခါးပေါက်မှ ကျော်ဝင် ရောက်ရှိလာကြောင်း၊ ယင်းသို့ ဝင်ရောက်လာပြီးနောက် မ…အား ဓားမြှောင်ဖြင့် ခြိမ်းခြောက်ကာ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း၊ မတ် ၃ ရက်တွင် မ… အား ဖိုး၀ (ခ) ရဲမင်းထွန်းက အလုပ်ကိစ္စ အရေးကြီးသဖြင့် ပြန်လိုက်ခဲ့ရန် ခေါ်ဆောင်ခဲ့ကြောင်း၊ ယင်းသို့ ခေါ်ဆောင်ပြီးနောက် မန္တလေးမြို့ရှိ ဟိုတယ်မန္တလေးတွင် အလိုမတူဘဲ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ ယင်းသို့ အဓမ္မပြုကျင့်ခဲ့စဉ် ဖုန်းကင်မရာဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုကို မ…အား ပြန်လည်ပြသပြီး ခြိမ်းခြောက်ခဲ့ကြောင်း၊ မတ် ၄ ရက်တွင် မ… ကို အလုပ် လုပ်ကိုင်သည့် နေအိမ်သို့ ပြန်လည်ခေါ်ဆောင်ကာ နောက်ဖေးတိုက်ခန်းအတွင်း သုံးရက်တိတိ သော့ဖြင့်ပိတ်ထားကာ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ သားမယားအဖြစ် မပြုကျင့်မီ မ…အား ပန်းရောင်ဆေးပြားများ တိုက်ကျွေးခဲ့ကြောင်း၊ အဓမ္မပြုကျင့်စဉ်တွင် မ…အား အကြိမ်ကြိမ် ရိုက်နှက်နှိပ်စက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ အလိုမတူဘဲ အဓမ္မပြုကျင့်မှုနှင့် ပတ်သက်၍ မိဘအုပ်ထိန်းမှုအောက်ရှိ မ… (၁၇ နှစ်ကျော်) ကို အဓမ္မပြုကျင့်သူနှင့် ပူးပေါင်း ပါဝင်သူများကို အရေးယူပေးရန်အတွက် မ…၏ မိခင်ဖြစ်သူက ပုသိမ်ကြီးမြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည့် တိုင်ကြားစာတွင် ဖော်ပြထားမှုအရ သိရသည်။

“သမီးကို စပြီးတော့ အဓမ္မပြုကျင့်တာက သူ့ရဲ့မိဘတွေရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ ညမှာ သမီးအခန်းထဲကို ဝင်လာပြီး ဓားနဲ့ထောက်ပြီးတော့ အော်ရင် သတ်ပစ်မယ်လို့ ပြောပြီး ပြုကျင့်ပါတယ်။ သမီးအရမ်းကြောက်လို့ ဘယ်သူ့ကိုမှ ပြန်မပြောရဲခဲ့ဘူး။ နောက်ရက်မှာ ခွင့်ယူပြီးတော့ ရွာကို ခဏပြန်တယ်။ အိမ်ရောက်တော့လည်း ကြောက်လို့ ပြန်မပြောရဲခဲ့ဘူး။ သမီးကို ပြန်လာခေါ်ပြီးတော့ မန္တလေးမြို့က ဟိုတယ်မန္တလေးမှာ ကြိုးတုပ်ပြီးတော့ အကြိမ်ကြိမ် အဓမ္မပြုကျင့်တယ်။ နောက်ရက်မှာတော့ တိုက်ခန်း ကျဉ်းကျဉ်းထဲမှာ သမီးကို ပိတ်ထားပြီး ဆက်ပြီးတော့ ပြုကျင့်ပါတယ်။ နောက်ရက်မှာတော့ သမီး ထွက်ပြေးခဲ့ရပါတယ်။ အခုလည်း အရမ်းကြောက်နေတယ်။ အခုလို သမီးကို စော်ကားခဲ့တဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူပေးစေချင်ပါတယ်”ဟု အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခံခဲ့ရသူ မ… (၁၇ နှစ် ကျော်) က ဆိုသည်။

“ကျွန်မကတော့ ကျွန်မသမီးလေးကို အလိုမတူဘဲ အခုလို ရိုက်နှက်နှိပ်စက်ပြီးတော့ အဓမ္မပြုကျင့်ခဲ့သူနဲ့ ပါဝင်ပတ်သက်ခဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူပေးစေချင်ပါတယ်။ အခု ကျွန်မ ပုသိမ်ကြီးရဲစခန်းမှာ အမှုဖွင့်ထားတယ်။ အမှုဖွင့်ထားပေမယ့်လည်း အခုချိန်အထိ ကျူးလွန်ခဲ့သူတွေကို မဖမ်းဆီးသေးဘူးလို့ ကြားရပါတယ်။ ဒါကြောင့် သူတို့ကို အမြန်ဆုံး ဖမ်းဆီးပြီးတော့ ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ချမှတ်ပေးစေချင်ပါတယ်” ဟု အဓမ္မပြုကျင့်ခြင်းခံရသည့် မိန်းကလေး၏ မိခင်ဖြစ်သူက ပြောကြားသည်။

ထိုသို့ အရွယ်မရောက်သေးသူ မိန်းကလေးကို အလိုမတူဘဲ ရိုက်နှက်နှိပ်စက်ပြီး အကြိမ်အကြိမ် အဓမ္မပြုကျင့်သူနှင့် ပါဝင်ပတ်သက်သူများအား ပုသိမ်ကြီးမြို့မရဲစခန်းက (ပ) ၇၄/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆၊ ၃၄၃၊ ၃၂၃၊ ၅၀၆၊ ၁၁၄ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း စုံစမ်းသိရသည်။

Most Read

Most Recent