ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများတွင် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်သက်သော အသိပညာပေးလုပ်ငန်းများကို FDA က ခရိုင်အလိုက် အရှိန်မြှင့်လုပ်ဆောင်နေ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများတွင် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်သက်သော အသိပညာပေးလုပ်ငန်းများကို FDA က ခရိုင်အလိုက် အရှိန်မြှင့်လုပ်ဆောင်နေ
Published 22 March 2018

ရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာများတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများတွင် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်သော အသိပညာပေးလုပ်ငန်းများကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ခရိုင်အလိုက်ခွဲကာ အရှိန်မြှင့်လုပ်ဆောင်နေကြောင်း သိရသည်။

“ကျွန်တော်တို့ဌာနအနေနဲ့ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ပတ်သက်ပြီး ကျေးလက်ဒေသတွေမှာ ပညာပေးဖို့နဲ့ လှည့်ပတ်စစ်ဆေးဖို့ စီမံချက်လုပ်ထားတာ ရှိပါတယ်။ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ရန်ကုန်တိုင်းက ခရိုင်အားလုံးမှာ ခရိုင်အလိုက် လုပ်ဆောင်နေပါတယ်။ အစားအသောက်၊ ဆေးဝါး၊ အလှကုန်ပစ္စည်းတွေ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ဖို့အတွက် မြို့နယ်တွေမှာရှိတဲ့ ကျေးရွာတွေအထိသွားရောက်ပြီး ကျေးရွာအရောက် အသိပညာပေး ဟောပြောပွဲတွေလုပ်ပါတယ်။ လာနားထောင်သူတွေလည်း အဆင်ပြေအောင် အမှတ်တရလက်ဆောင်တွေလည်းပေးသလို အသိပညာပေး လက်ကမ်းစာစောင်တွေနဲ့ နားလည်လွယ်အောင် အဓိကထားရှင်းပြပါတယ်။ အဓိကအားဖြင့် အစားအသောက်တွေမှာပါတဲ့ ဖော်မလင်၊ ဆိုးဆေးအန္တရာယ်တွေ၊ အစားအသောက်ဝယ်ရင် ဖတ်ရှုရမယ့် အမှတ်တံဆိပ်ဖော်ပြချက်တွေ၊ သက်တမ်းကုန်ဆုံးရက်တွေ၊ အစားအသောက်ချက်ပြုတ်တဲ့အခါ လိုက်နာရမယ့်အချက်တွေ၊ စပ်ဆေးနဲ့လိုင်း ဆေးအန္တရာယ်တွေ၊ ဆေးဝါးတွေမှာ ဆေးဝါးမှတ်ပုံတင်ပါ မပါ ဘယ်လိုကြည့်မလဲဆိုတာတွေ၊ အလှကုန်ပစ္စည်းသုံးစွဲရာမှာ လိုက်နာရမယ့်အချက် စတာတွေအားလုံးကို လိုတိုရှင်း နားလည်လွယ်အောင်ပြောပြပါတယ်။ လက်ရှိထိတော့ ခရိုင်အားလုံးနီးပါးမှာလုပ်နေပြီး ကျေးရွာအားလုံးကို ရောက်အောင်တော့သွားဖို့ ကြိုးစားနေပါတယ်” ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခု ၂၀၁၈ ခုနှစ်အတွင်း ဈေးကွက်အတွင်းရှိ အစားအသောက်၊ ဆေးဝါး၊ အလှကုန်ပစ္စည်းများနှင့် ပတ်သက်သော ကြပ်မတ်စစ်ဆေး အရေးယူမှုများကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက The Year of Safety and Action အဖြစ်သတ်မှတ်ကာ တိုးမြှင့်လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

၂၀၁၇ ခုနှစ်အတွင်းက ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ စားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ ဟင်းသီးဟင်းရွက်၊ သားငါး လက်လီလက်ကား ရောင်းချသည့်ဈေးများ အားလုံးကို ဈေးကွက်ထောက်လှမ်းစောင့်ကြည့်ရန် Master Plan ရေးဆွဲလုပ်ဆောင်ခဲ့ပြီး ရှောင်တခင်ကွင်းဆင်းစစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ အရေးယူမှုများလည်း တစ်ပါတည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးခွဲများကို တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ပြီးနောက် ခရိုင်အဆင့်ထိ ဖွင့်လှစ်ထားရာထပ်မံ၍ ခရိုင်ပေါင်း ၄၀ ကျော်တွင် တိုးချဲ့ဖွင့်လှစ်လျက်ရှိကြောင်းလည်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

ဈေးကွက်အတွင်း ရောက်ရှိနေသော အန္တရာယ်ရှိအစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းများကို ပိုက်စိပ်တိုက် ရှာဖွေဖော်ထုတ်လျက်ရှိပြီး အသိပညာပေးလုပ်ငန်းများနှင့် ကွင်းဆင်းစစ်ဆေးခြင်းများကိုလည်း ကျေးရွာအရောက်ထိ လုပ်ဆောင်ပေးလျက်ရှိကြောင်းနှင့် ၂၀၁၆ ခုနှစ်အတွင်းက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အစားအသောက်၊ ဆေးဝါး၊ အလှကုန်များနှင့်ပတ်သက်၍ တရားစွဲဆိုခဲ့သည့် အမှုပေါင်း ၁၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent