<

တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများ ၀ယ်ယူခွင့်လျှောက်လွှာများ ရောင်းချပေးမှု မတ်လကုန်အထိ ရက်ထပ်တိုးပေး

တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများ ၀ယ်ယူခွင့်လျှောက်လွှာများကို ရောင်းချပေးမှုကို မတ်လကုန်အထိ ထပ်မံရက်တိုးမြှင့်ထားကြောင်း မတ် ၂၁ ရက်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

မြောက်ဥက္ကလာမြို့နယ်ရှိ ရွှေပေါက္ကံအိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာနှင့် ထီးလှိုင်အိမ်ရာ၊ ဒဂုံတောင်မြို့နယ်ရှိ အင်းဝအိမ်ရာနှင့် ကောင်းစံသာအိမ်ရာ၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာအပိုင်း (၁)၊ (၂) အိမ်ရာနှင့် ကနောင်အိမ်ရာနှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ စသည့်အိမ်ရာများရှိ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်တိုက်ခန်း ၈၆၂ ခန်းကိုဝယ်ယူရန်အတွက် လျှောက်လွှာများမူလက ဖေဖော်ဝါရီ ၁၆ ရက်မှ မတ် ၁၆ ရက်အထိသာ ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းတွေ ၀ယ်ယူချင်တဲ့လူတွေကို အရင်က အချိန်တစ်လပဲပေးထားတယ်လေ။ အခု မတ် ၃၀ ရက်အထိ အချိန်တိုးပေးလိုက်တယ်။ တိုက်ခန်းဝယ်ချင်တဲ့လူတွေအတွက် အချိန်ပိုပြီးရသွားတာပေါ့။ ၀ယ်ချင်တဲ့လူတွေက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်ရဲ့ လက်မှတ်ပါမှရမယ်။ လွှတ်တော်ကိုယ်စားလှယ် ထောက်ခံချက်ဆိုတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံမယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံမယ်။ ပြီးရင် သူတို့ရဲ့ထောက်ခံချက်အရ လွှတ်တော်ကိုယ်စားလှယ်က ထောက်ခံပါသည်ဆိုတဲ့ စာသားလေးပါရင်ရပြီ။ တိုက်ခန်းဝယ်ချင်တဲ့လူတွေအတွက် ထုတ်ထားတဲ့ စည်းကမ်းချက်ထဲမှာလည်း အဲဒီအချက်ပါတယ်လေ” ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဦးစီးညွှန်ကြားရေးမှူး ဦးယုခိုင်က မတ် ၂၁ ရက်တွင် ပြောကြားသည်။

တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများကို ၀င်ငွေနည်းပြည်သူများ၊ အစိုးရ၀န်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများနှင့် ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းများ ၀ယ်ယူရရှိနိုင်ပြီး တိုက်ခန်းဝယ်ယူခွင့် လျှောက်လွှာဖောင်များကို အ၀ါရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ ပန်းရောင်ဟူ၍ လေးမျိုးခွဲခြားထား၍ လျှောက်လွှာတစ်စောင်ကို တစ်ရာကျပ်နှုန်းဖြင့် ခရိုင်ရုံးလေးခုတွင် ၀ယ်ယူနိုင်ကြောင်း သိရသည်။ ယင်းအပြင် CHD ဘဏ်စုငွေ ၂၀ ရာခိုင်နှုန်း ထည့်ဝင်ထားခြင်းမရှိသူများလည်း ၀ယ်ယူနိုင်ကြောင်း သိရသည်။

အဆိုပါ တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများကို ငါးနှစ်၊ ရှစ်နှစ်၊ ဆယ်နှစ်၊ ဆယ်ငါးနှစ်စသည်ဖြင့် အရစ်ကျဝယ်ယူနိုင်ကြောင်း သိရသည်။ တန်ဖိုးနည်းတိုက်ခန်းများမှာ ကျပ် ၉၈ သိန်းဝန်းကျင်မှ ကျပ် ၁၃၀ ၀န်းကျင်ရှိပြီး တန်ဖိုးသင့်တိုက်ခန်းများမှာ ကျပ်သိန်း ၃၀၀၊ ကျပ်သိန်း ၅၀၀၊ ကျပ်သိန်း ၆၀၀ အထိရှိကြောင်း သိရသည်။

March 21, 2018














Copy Protected by Chetan's WP-Copyprotect.