အမြန်လမ်းတွင် လူရှစ်ဦး သေဆုံးခဲ့သည့် ယာဉ်မီးလောင်မှုမှ ယာဉ်မောင်းအား ပုဒ်မသုံးခုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ချမှတ်

အမြန်လမ်းတွင် လူရှစ်ဦး သေဆုံးခဲ့သည့် ယာဉ်မီးလောင်မှုမှ ယာဉ်မောင်းအား ပုဒ်မသုံးခုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ချမှတ်
Published 22 March 2018

ယာဉ်မီးလောင်မှုကြောင့် ရှစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်မှ ယာဉ်မောင်းအား အမိန့်ချမှတ်ရန် မတ် ၂၁ ရက်က ရုံးထုတ်လာစဉ်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး လေးမိုင်နှစ်ဖာလုံခန့်တွင် Toyota Hiace ယာဉ်တစ်စီး မီးလောင်မှုကြောင့် ရှစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်မှ ယာဉ်မောင်း အောင်ခန့်ဇွဲမြန်မာအား မတ် ၂၁ ရက်တွင် လှည်းကူးမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ပြီး ပုဒ်မသုံးခုဖြင့် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါအမှုမှာ အခင်းဖြစ်ပြီး တစ်နှစ်နှင့် နှစ်လအကြာတွင် ယင်းကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယာဉ်မောင်း အောင်ခန့်ဇွဲမြန်မာအား ပုဒ်မ ၃၀၄ (က) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ်၊ ပုဒ်မ ၂၈၅ ဖြင့် အလုပ်နှင့်ထောင်ဒဏ် သုံးနှစ်၊ ပုဒ်မ ၂၇၉ ဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်တို့ ချမှတ်ခဲ့ပြီး ပြစ်ဒဏ်များအား သီးခြားစီ ကျခံစေခဲ့ကြောင်း လှည်းကူးမြို့နယ် တရားရုံးမှ ပြန်ကြာရေးအရာရှိက ပြောကြားသည်။

ယင်းအမှုတွင် တရားလို အပါအဝင် တရားလိုပြသက်သေ စုစုပေါင်း ၂၂ ဦးကို စစ်ဆေးခဲ့ပြီး စွဲချက်တင် အမိန့်ချမှတ်ရာတွင် တရားစွဲဆိုခံထားရသည့် အောင်ခန့်ဇွဲမြန်မာကို မဆင်မခြင်မှုကြောင့် လူသေစေမှုပုဒ်မ ၃၀၄ (က)၊ ယာဉ်မဆင်မခြင် မောင်းနှင်မှု ပုဒ်မ ၂၇၉ ၊ မီးပေါ့ဆမှုပုဒ်မ ၂၈၅ တို့ဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။

ထို့နောက် တရားခံဘက်မှ ရှေ့နေဖြစ်သူက တရားလိုဖြစ်သူ ရဲအုပ်ပြည့်လင်းအောင် အပါအဝင် သက်သေ လေးဦးကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးပေးရန်အတွက် တရားရုံးသို့ တင်ပြခဲ့ကြောင်း သိရသည်။

အသက်ရှင် လွတ်မြောက်ခဲ့သူ အောင်ခန့်ဇွဲမြန်မာမှာ ယာဉ်ကို မောင်းနှင်ခဲ့သူဖြစ်ကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် ဝန်ခံ ထွက်ဆိုခဲ့ပြီးနောက် အမှတ် (၃) အမြန်လမ်းမကြီး ရဲစခန်းက ပုဒ်မ ၃၀၄ (က)/၃၃၇/၂၈၅ ဖြင့် ကနဦးတွင် အမှုဖွင့်ခဲ့ကာ ဇန်နဝါရီ ၂၃ ရက်မှ ဖေဖော်ဝါရီ ၆ ရက်ထိ ပထမအကြိမ် ရမန်ယူ၍ စစ်ဆေးခဲ့ကြောင်း၊ ဇန်နဝါရီ ၂၆ ရက်တွင် စီအိုင်ဒီသို့ လွှဲပြောင်းပေးခဲ့ပြီး စီအိုင်ဒီမှ လွှဲပြောင်းစစ်ဆေးဆဲကာလတွင် ပထမအကြိမ် ရမန်ယူရက် ကုန်ဆုံးခဲ့သဖြင့် ဖေဖော်ဝါရီ ၆ ရက်မှ ဖေဖော်ဝါရီ ၂၀ ရက်ထိ ဒုတိယအကြိမ် ရမန်ယူခဲ့ပြီး ယင်းနေ့တွင် ပုဒ်မ ၃၀၄ (က)ဖြင့် တရားစွဲတင်ခဲ့ကြောင်း သိရသည်။

ယာဉ်မီးလောင်မှု ဖြစ်စဉ်တွင် ကားပေါ်မှ အောင်ခန့်ဇွဲမြန်မာနှင့်အတူ ဆင်းလာသူဟု စွပ်စွဲခံရသူအား CID မှ ခေါ်ယူမေးမြန်းရာ ဝင်ရောက် အကူအညီပေးခြင်းသာ ဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း စီအိုင်ဒီ ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားသည်။

ယင်းဖြစ်စဉ်တွင် သေဆုံးခဲ့သူများ၏ မိသားစုဝင်များမှ အဆိုပါ ဖြစ်စဉ်သည် ကြိုတင်ကြံစည်၍ ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ယူဆမှုများနှင့်အမှုမှန် အမြန်ဆုံးပေါ်ပေါက်နိုင်ရန် ပြောဆိုမှုများ ရှိခဲ့သည်။

ယာဉ်မီးလောင်ကျွမ်းမှု ဖြစ်စဉ်မှာ ယာဉ်၏ ဝဲဘက်ဘီးပေါက်ကာ လမ်းလယ်ကျွန်းရှိ Guard Rail အား တိုက်မိရာမှတစ်ဆင့်မီး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း၊ ယာဉ်ပေါ်တွင် လိုက်ပါလာခဲ့သူများမှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး ခုနစ်ဦးဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် ယာဉ်မှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က ပုဂံ-ညောင်ဦးသို့ ဘုရားဖူးရန် သွားရောက်ခဲ့ခြင်း ဖြစ်ပြီး အပြန်ခရီးတွင် နေပြည်တော်သို့ အလုပ်ကိစ္စဖြင့် ဝင်ရောက်ခဲ့ပြီးမှ ရန်ကုန်မြို့သို့ ပြန်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယာဉ်မောင်းမှအပ သေဆုံးခဲ့သူများမှာ ဆဌဂံဆောက်လုပ်ရေးကုမ္ပဏီမှ ဖြစ်ကြောင်း သေဆုံးခဲ့သူများ၏ မိသားစုဝင်များက ပြောကြားသည်။

Most Read

Most Recent