မြန်မာတစ်နိုင်ငံတည်းတွင်သာရှိသော ဒေသရင်းဖွား ရှားပါးလိပ်မျိုးစိတ် ၁၁ မျိုးအထိ တိုးချဲ့သတ်မှတ်

မြန်မာတစ်နိုင်ငံတည်းတွင်သာရှိသော ဒေသရင်းဖွား ရှားပါးလိပ်မျိုးစိတ် ၁၁ မျိုးအထိ တိုးချဲ့သတ်မှတ်
Published 22 March 2018

မြန်မာနိုင်ငံရှိ မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော ရှားပါးလိပ်အချို့အား တွေ့ရစဉ် (Photo: WCS Myanmar)

မြန်မာတစ်နိုင်ငံတည်းတွင်သာရှိသော ဒေသရင်းဖွား ရှားပါးလိပ်မျိုးစိတ် ၁၁ မျိုးအထိ တိုးချဲ့သတ်မှတ်လိုက်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် IUCN Red List အစည်းအဝေးတွင် လိပ်မျိုးစိတ်ပေါင်း ၉၀ ကို ပြန်လည်သုံးသပ်ခဲ့ပြီး ယခင်က အရှေ့တောင်အာရှတွင်သာရှိသော အနားပျော့လိပ်ဟူ၍ စုပေါင်းသတ်မှတ်ထားရာမှ မြန်မာ့အနားပျော့လိပ်ဟူ၍ သီးသန့်ပြန်ခွဲကာ တစ်မျိုးထပ်တိုးခြင်းပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင်သာရှိသော ဒေသရင်းဖွားမျိုးစိတ် ယခင်ကရှစ်မျိုး သတ်မှတ်ထားသော်လည်း ယခုအခါ ၁၁ မျိုး သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့မှ ဒါရိုက်တာ ဒေါက်တာဒေါ်ကလျာက ပြောကြားသည်။

“မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာပဲရှိတဲ့ ဒေသရင်းဖွား ရှားပါးလိပ်မျိုးစိတ် ၁၁ မျိုးဖြစ်သွားတာ။ ရှိပြီးသားမျိုးစိတ်ကို DNA လုပ်ပြီး ထပ်ပြီးခွဲလိုက်တော့ ဥပမာ Asia မှာရှိတဲ့ အနားပျော့လိပ်ဆိုတာကို DNA လုပ်လိုက်တော့ မြန်မာနိုင်ငံက အနားပျော့လိပ်က တခြားနိုင်ငံက အနားပျော့လိပ်နဲ့ မျိုးရိုးမတူဘူးဆိုတာ တွေ့လိုက်ရတာပေါ့။ အဲဒီတော့ မြန်မာ့မျိုးစိတ်တစ်မျိုး ထပ်တိုးသွားတာပေါ့။ အဲဒီလိုမျိုးစိတ်တွေ ပြန်သတ်မှတ်လိုက်တော့ နဂိုရှစ်မျိုးကနေ ၁၁ မျိုးဖြစ်သွားတာပေါ့” ဟု ဒေါ်ကလျာက ပြောကြားသည်။

ထိုလိပ်မျိုးစိတ် ၁၁ မျိုးမှာ ကုန်းလိပ်တစ်မျိုး၊ အနားပျော့လိပ် လေးမျိုးနှင့် ကျန်မျိုးစိတ်များမှာ ကုန်းနေ၊ ရေနေလိပ်မျိုးစိတ်များ ဖြစ်ကြကြောင်း သိရသည်။

ထိုလိပ်မျိုးစိတ်များမှာ (၁) မြန်မာအနားပျော့လိပ် (Myanmar soft-shell turtle)၊ (၂) မြန်မာ့ဖက်လိပ် (Myanmar leaf turtle)၊ (၃) မြန်မာ့လေးကွက်လိပ် (Myanmar peacock soft-shell turtle)၊ (၄) မြန်မာ့တိုက်လိပ် (Myanmar roofed turtle)၊ (၅) ရှမ်းကြီးလက်မောင်းလိပ် (Myanmar narrow headed soft-shell turtle)၊ (၆) မြန်မာ့ကြယ်လိပ် (Myanmar star turtle)၊ (၇) မြန်မာစင်းလျောလိပ် (Myanmar flapshell turtle)၊ (၈) မြန်မာမျက်လုံးလိပ် (Myanmar Eyed Turtle)၊ (၉) ရခိုင်တောင်လိပ် (Arakan forest turtle)၊ (၁၀) မြန်မာလိပ်ပုပ်ကြီး (Myanmar Black turtle)၊ (၁၁) မြန်မာ့လိပ်ရင်ကျိုး (Myanmar box turtle) တို့ဖြစ်ပြီး အသစ်တိုးလာသော လိပ်မျိုးစိတ်သုံးမျိုးမှာ မြန်မာအနားပျော့လိပ်၊ မြန်မာ့ဖက်လိပ်နှင့် မြန်မာ့လေးကွက်လိပ်တို့ဖြစ်ကြောင်း သိရသည်။

ထိုလိပ်မျိုးစိတ် ၁၁ မျိုးတွင် ရှစ်မျိုးမှာ မျိုးသုဉ်းရန် အလွန်နီးကပ်နေသော အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ဒေါ်ကလျာက ဆက်လက်ပြောကြားသည်။

“၁၁ မျိုးထဲမှာ ရှစ်မျိုးက IUCN Red List ထဲမှာပါနေတယ်။ မျိုးသုဉ်းရန် အလွန်နီးတဲ့အထဲမှာ ပါနေတာပေါ့။ မြန်မာ့ဖက်လိပ်၊ မြန်မာ့လိပ်ပုပ်ကြီးနဲ့ စင်းချောလိပ်ကလွဲပြီး ကျန်တဲ့လိပ်မျိုးစိတ် ရှစ်မျိုးက မျိုးသုဉ်းဖို့ အလွန်နီးကပ်နေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပေါ့” ဟု ဒေါ်ကလျာက ပြောကြားသည်။

နိုင်ငံခြားသို့ တရားမဝင်တင်ပို့ရောင်းချခြင်း၊ တရားမဝင်ငါးဖမ်းနည်းများဖြစ်သည့် ဘက်ထရီရှော့တိုက်၍ ငါးဖမ်းခြင်း စသည့်ငါးဖမ်းဆီးမှုများနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် လိပ်များ၏ Habitat များ ပျက်စီးပျောက်ကွယ်ရခြင်း စသည့်အကြောင်းရင်းများကြောင့် လိပ်များသည် မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်လာရခြင်းဖြစ်ကြောင်း ဒေါ်ကလျာ၏ ပြောကြားချက်အရ သိရသည်။

မြန်မာတစ်နိုင်ငံတည်းတွင်သာရှိသော ဒေသရင်းဖွား ရှားပါးလိပ်မျိုးစိတ်များအား သစ်တောဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့်အတူ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)၊ လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့တို့က ပူးပေါင်း၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent