ဘဏ္ဍာနှစ်မကုန်ဆုံးမီ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၁ ဘီလျံကျော်ရှိလာပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာလေးဘီလျံကျော် ပိုမိုကုန်သွယ်ခဲ့

ဘဏ္ဍာနှစ်မကုန်ဆုံးမီ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၁ ဘီလျံကျော်ရှိလာပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာလေးဘီလျံကျော် ပိုမိုကုန်သွယ်ခဲ့
Published 22 March 2018

လက်ရှိဘဏ္ဍာနှစ်မကုန်ဆုံးမီ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏဒေါ်လာ ၃၁ ဘီလျံကျော်ရှိလာပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာလေးဘီလျံကျော် ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှရရှိသည့် ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၉ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၃၁၁၁၆ ဒသမ ၀၅၉ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၄၃၂၄ ဒသမ ၈၀၇ သန်းပိုမိုခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် မတ် ၉ ရက်အထိ ပြည်ပကုန်သွယ်မှုပမာဏဒေါ်လာ ၃၁ ဘီလျံကျော်တွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ကုန်သွယ်မှုပမာဏဒေါ်လာ ၂၃၃၃၆ ဒသမ ၂၇၈ သန်းနှင့် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၇၇၇၉ ဒသမ ၇၈၁ သန်းပါဝင်ကြောင်း သိရသည်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၃၇၃၉ ဒသမ ၄၆၁ သန်းပိုမိုခဲ့ပြီး နယ်စပ်ကုန်သွယ်မှုပမာဏမှာမူ ယခင်ဘဏ္ဍာနှစ် ကာလတူထက်ဒေါ်လာ ၅၈၅ ဒသမ ၃၄၆ သန်းပိုမိုခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၁ ဘီလျံကျော်တွင် ပို့ကုန်တန်ဖိုးဒေါ်လာ ၁၃၆၄၀ ဒသမ ၅၈၇ သန်း၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၇၄၇၅ ဒသမ ၄၇၂ သန်းပါဝင်ကြောင်း သိရသည်။ သွင်းကုန်တန်ဖိုးမှာ ပို့ကုန်တန်ဖိုးထက် များပြားနေသဖြင့် ကုန်သွယ်မှုလိုငွေဒေါ်လာ ၃၈၃၄ ဒသမ ၈၈၅ သန်းဖြစ်ပေါ်နေကြောင်း သိရသည်။ ယခင်ဘဏ္ဍာနှစ်ကာလတူတွင်မူ ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၄၆၅၀ ဒသမ ၂၄၈ သန်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏဒေါ်လာ ၂၉ ဘီလျံနှင့် ကုန်သွယ်မှုလို ငွေဒေါ်လာတစ်ဘီလျံရှိမည်ဟု ခန့်မှန်းထားကြောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ အဆိုပြုတင်ပြချက် အနှစ်ချုပ်တွင် ဖော်ပြထားသည်။

Most Read

Most Recent