၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင် စားသုံးသူဈေးဆနှုန်း (CPI) ၁၃၉ ဒသမ ၅၁ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၅ ဒသမ ၁၁ ရာခိုင်နှုန်းမြင့်တက်

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင် စားသုံးသူဈေးဆနှုန်း (CPI) ၁၃၉ ဒသမ ၅၁ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၅ ဒသမ ၁၁ ရာခိုင်နှုန်းမြင့်တက်
Published 22 March 2018

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် စားသုံးသူဈေးဆနှုန်း (Consumer Price Index-CPI) ၁၃၉ ဒသမ ၅၁ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၅ ဒသမ ၁၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူဈေးဆနှုန်းနှင့် aငွကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၁၅၁ ဒသမ ၂၀၊ အစားအစာမဟုတ်သော အုပ်စုအတွက် ၁၂၃ ဒသမ ၀၅ နှင့် အုပ်စုအားလုံးအတွက် ၁၃၉ ဒသမ ၅၁ ရှိပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြစ်ပေါ်ခဲ့သောစားသုံးသူ ဈေးဆနှုန်း ၁၃၂ ဒသမ ၇၃ နှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၁၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ ယခင်နှစ်ကာလတူထက် စားသုံးသူဈေးဆနှုန်း မြင့်တက်လာခြင်းမှာ စားသုံးသူဈေးဆနှုန်း တွက်ချက်ရန် ကောက်ခံသည့် အုပ်စုအားလုံးတွင်ပါဝင်သည့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းကို လေ့လာပါက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီတွင် ၁၃၂ ဒသမ ၇၃ ရှိရာမှ မတ်တွင် ၁၃၁ ဒသမ ၉၆ သို့ အနည်းငယ်ကျဆင်းလာပြီး ထိုမှတစ်ဖန် ပြန်လည်မြင့်တက်လာခဲ့ရာ ၂၀၁၈ ခုနှစ်ဖေဖော်ဝါရီလတွင် ၁၃၉ ဒသမ ၅၁ ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ်တင်ပြထားသည်။

၂၀၁၈ ခုနှစ်ဖေဖော်ဝါရီလတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၌ ဖြစ်ပေါ်ခဲ့သော စားသုံးသူဈေးဆနှုန်းများကိုကြည့်ပါက ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် နေပြည်တော်တို့တွင် ယခင်လထက် ကျဆင်းလာသော်လည်း ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်မြို့များတွင် မြင့်တက်လျက်ရှိကြောင်းနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတွင်မူ အနည်းငယ်သာပြောင်းလဲမှုရှိခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ်တင်ပြထားသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်းအမျိုးအစားများမှာ အများသုံးစွဲသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးအစားပေါင်း ၄၃၈ မျိုးပါဝင်ကြောင်း သိရသည်။ စားသုံးသူဈေးဆနှုန်း တွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာမဟုတ်သောအုပ်စုတွင် ကုန်ပစ္စည်းအမျိုးအစား ၁၆၆ မျိုးရွေးချယ်ခဲ့ပြီး စုစုပေါင်း ၂၇၄ မျိုးသို့ တိုးချဲ့ကောက်ယူတွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ထားမှုအရ သိရသည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူဈေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအထိ တစ်နှစ်ပျမ်းမျှ ၄ ဒသမ ၁၆ ရာခိုင်နှုန်းရှိပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလနှင့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတို့၏ နှစ်အလိုက်ပြောင်းလဲမှုကို နှိုင်းယှဉ်ပါက (Year on Year Inflation) မှာ ၅ ဒသမ ၁၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Most Read

Most Recent