စည်းကမ်းနှင့်အညီ မောင်းနှင်ခြင်း မရှိသည့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား ရှောင်တခင် ရပ်တန့်ခိုင်းကာ အသိပညာပေး

စည်းကမ်းနှင့်အညီ မောင်းနှင်ခြင်း မရှိသည့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား ရှောင်တခင် ရပ်တန့်ခိုင်းကာ အသိပညာပေး
Published 21 March 2018

လားရှိုးမြို့ရှိ မြို့တော်ခန်းမအနီး လားရှိုးမိုတယ်ရှေ့တွင် ယနေ့ (မတ်လ ၂၁ ရက်) နံနက် ၉ နာရီအချိန်ခန့်က ယာဉ်စည်းကမ်းနှင့်အညီ မောင်းနှင်ခြင်းမရှိသည့် မော်တော်ဆိုင်ကယ် အစီးရေ ၅၀၀ ခန့်အား ရှောင်တခင် တားဆီးကာ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောမှုတွင် ဆိုင်ကယ်စီးဦးထုပ် မဆောင်းသူများ၊ ပါဝါအိတ်ဇောတပ် မောင်းနှင်သူများနှင့် ဆိုင်ကယ်တစ်စီးပေါ်တွင် သုံးယောက် စီးနှင်းလာသူများအား တားဆီးကာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"မိဘပြည်သူတွေကို ယာဉ်အန္တရာယ် ကင်းဝေးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာပါ။ ကျွန်တော်တို့က ဆိုင်ကယ်တွေကို ဖမ်းတာ မဟုတ်ပါဘူး။ ဦးထုပ် မဆောင်းပဲ စီးလာတဲ့ ဆိုင်ကယ်တွေကို ရပ်ခိုင်းတယ်။ ပါဝါအိတ်ဇောတပ်ပြီး စီးတဲ့ဆိုင်ကယ်တွေ ရပ်ခိုင်းတယ်။ ပြောရမယ်ဆို စည်းကမ်းနဲ့မညီတဲ့ ဆိုင်ကယ်တွေကို ရပ်ခိုင်းတယ်။ ဆိုင်ကယ်အစီးရေ ၅၀၀ လောက် ဖြစ်သွားတာပေါ့။ကျွန်တော်တို့က ဒီအစီး ငါးရာမှာပါလာတဲ့ သူတွေကို ပညာပေးဆွေးနွေးပွဲလေး လုပ်လိုက်တာပါ" ဟု လားရှိုးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကျော်ခိုင် ကပြောသည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် ယာဉ်ထိန်းရဲ ၁၈ ဦးဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်ပြီး လူစည်ကားရာနေရာများတွင် စည်းကမ်းမဲ့ မော်တော်ဆိုင်ကယ်များအား ရှောင်တခင် ရပ်တန့်ခိုင်းကာ ပညာပေးဟောပြောသွားမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent