ဧရာဝတီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံ တောင်သူအချို့ စိုက်ပျိုးစရိတ် ချေးငွေကျပ် ၃၃၉ ဘီလျံကျော် ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေ

ဧရာဝတီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံ တောင်သူအချို့ စိုက်ပျိုးစရိတ် ချေးငွေကျပ် ၃၃၉ ဘီလျံကျော် ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေ
Published 21 March 2018

ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံ တောင်သူအချို့မှ ၂၀၁၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေမှစတင်၍ ၂၀၁၇ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေအထိ ချေးငွေကြွေးကျန် ကျပ် ၃၃၉ ဒသမ ၈၈၃ ဘီလျံ ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသေးကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက ပြောကြားသည်။

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ဝါးခယ်မမြို့နယ် မဲဆန္ဒနယ် (၁) မှ ဦးဌေးအောင်က ၂၀၁၇ ခုနှစ်တွင် ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးမှုနှင့် ပြန်လည်ပေးဆပ်မှုအား သိရှိလိုကြောင်း လွှတ်တော်သို့ ကြယ်ပွင့်ပြမေးခွန်းမေးမြန်းမှုအား ဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများသို့ စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိသည်။ ၂၀၁၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေမှ ၂၀၁၆ ခုနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေအထိ ချေးငွေ ကျပ် ၁၆၅၆ ဒသမ ၂၆၇ ဘီလျံ၊ ကောက်ခံရရှိငွေ ကျပ် ၁၅၇၆ ဒသမ ၆၇၃ ဘီလျံနှင့် အချိန်စေ့လွန်ကြွေးကျန် ကျပ် ၇၉ ဒသမ ၅၉၄ ဘီလျံကောက်ခံရန် ကျန်ရှိနေသည်။ ၂၀၁၇ ခုနှစ် မိုးဘဏ်ချေးငွေအနေဖြင့် ကျပ် ၃၂၂ ဒသမ ၃၉၀ ဘီလျံထုတ်ချေးပေးခဲ့ပြီး ကျပ် ၆၂ ဒသမ ၁၀၁ ဘီလျံပြန်လည်ကောက်ခံရရှိကာ ကြွေးကျန် ကျပ် ၂၆၀ ဒသမ ၂၈၉ ဘီလျံကောက်ခံရန် ကျန်ရှိနေသည်။ ၂၀၁၇ ခုနှစ် ဆောင်းဘဏ်ချေးငွေအား ကျပ် ၁၂၅ ဒသမ ၆၀၀ ဘီလျံထုတ်ချေးထားပြီး ပြန်လည်ပေးဆပ်ရန် အချိန်စေ့ရောက်ခြင်းမရှိသေးပါ။ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေမှစ၍ ၂၀၁၇ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအထိ ချေးငွေကြွေးကျန် ကျပ် ၃၃၉ဒသမ ၈၈၃ ဘီလျံရှိပါသည်” ဟု ဝန်ကြီးဦးဌေးဝင်းက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများ ကြွေးကျန်များ ပြန်လည်ကောက်ယူရာတွင် ဝန်ထမ်းအင်အား မလုံလောက်ခြင်းများကြောင့် အခြားသော ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဝန်ထမ်းများကိုပါ အကူညီတောင်းခံခဲ့ရပြီး ကြွေးကျန်များကျန်ရှိနေရသည့် ဖြစ်စဉ်အများစုမှာ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့နှင့် ကျေးရွာတာဝန်ရှိသူအချို့က ချေးငွေလိမ်လည်ထုတ်ယူမှုများကြောင့်လည်း ဖြစ်ပေါ်နေရကြောင်း သိရသည်။

Most Read

Most Recent