ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍ တရားစွဲခံထားရသူများကို ချမှတ်ထားသည့် စွဲချက်အမိန့်အပေါ် နှစ်ဖက်ရှေ့နေများ ပြင်ဆင်မှုတက်ထားခြင်းကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က လက်ခံ

ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍ တရားစွဲခံထားရသူများကို ချမှတ်ထားသည့် စွဲချက်အမိန့်အပေါ် နှစ်ဖက်ရှေ့နေများ ပြင်ဆင်မှုတက်ထားခြင်းကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က လက်ခံ
Published 21 March 2018

ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍ တရားစွဲခံထားရသူများအပေါ် ချမှတ်ထားသည့်အမိန့်ကို ပြင်ဆင်ပေးရန် နှစ်ဖက်ရှေ့နေများက လျှောက်ထားမှုကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က လက်ခံကြောင်း နှစ်ဖက်ရှေ့နေများ၏ ပြောကြားချက်အရ မတ် ၂၀ ရက်တွင် သိရသည်။

အမှုမှ တရားစွဲခံထားရသည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့အပေါ် ချမှတ်ထားသည့် စွဲချက်အမိန့်များနှင့် ပတ်သက်၍ စွပ်စွဲခံရသူများဘက်က ပယ်ဖျက်ပေးရန် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး တရားလိုများဘက်က ယခုချမှတ်ထားသည့် စွဲချက်အမိန့်မှာ ပြည့်စုံမှုမရှိသေးဘဲ လိုအပ်ချက်ရှိနေသည့်အပြင် ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်ပါ အရေးယူသင့်ကြောင်း စသည့် အကြောင်းပြချက်များဖြင့် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်က တင်ထားတာလည်း လက်ခံတယ်။ ဟိုဘက်ကတင်ထားတာလည်း လက်ခံတယ်။ လက်ခံလိုက်တယ်ဆိုတော့ အောက်ရုံးအမှုတွဲခေါ်မယ်။ ခေါ်ပြီးတဲ့အခါကျတော့ နှစ်ဖက်လျှောက်လဲချက်ကြားနာဖို့အတွက် ရုံးချိန်းရက်သတ်မှတ်မယ်ဆိုတော့ ကျွန်တော်ထင်တယ်။ လေးလပိုင်းအကုန်လောက်ကျမှ စစ်ပါမယ်” ဟု တရားလိုဘက်မှ ရှေ့နေတစ်ဦးဖြစ်သူ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

ထိုသို့ တိုင်းတရားလွှတ်တော်ထံလျှောက်ထားမှုနှင့် ပတ်သက်၍ အမှုအားလက်ခံသင့် မသင့် မတ် ၂၀ ရက် ကြားနာခဲ့ကြောင်း သိရသည်။ တရားစွဲခံထားရသူများထဲမှ ဇေယျာဖြိုးအပေါ် ချမှတ်ထားသည့် စွဲချက်အမိန့်ကို ပြင်ဆင်ပေးရန် လျှောက်ထားမှုနှင့်ပတ်သက်၍မူ ပြီးခဲ့သည့် မတ် ၁၆ ရက်ကတည်းက ကြားနာခဲ့ကာ အမှုကိုလက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ တိုင်းတရားလွှတ်တော်မှ လက်သင့်ခံ မခံ ကြည်လင်း၏ရှေ့နေ ဦးကျော်ကျော်ထိုက် (တရားလွှတ်တော်ရှေ့နေ)ကို အတည်ပြုမေးမြန်းရာ “လက်ခံလိုက်ပါတယ်” ဟု ၎င်းကဖြေကြားသည်။

ဦးကိုနီလုပ်ကြံခံရမှုကို စစ်ဆေးနေသည့် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးရှိ အထူးအမှုစစ်အထူးခုံရုံးက ရာဇသတ်ကြီးအမှုအမှတ် ၄၅/၂၀၁၇ (လူသတ်မှုအမှုတွဲ) မှ ကြည်လင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ခ)/၃၄၊ ၃၀၂ (၂) ဖြင့်လည်းကောင်း၊ အောင်ဝင်းဇော်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁)(ခ)/၃၄ ဖြင့်လည်းကောင်း၊ ဇေယျာဖြိုးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ခ)/၃၄ ဖြင့်လည်းကောင်း၊ အောင်ဝင်းထွန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၁၂ ဖြင့်လည်း ကောင်းစွဲချက်တင်ခဲ့ပြီး ရာဇသတ်ကြီးအမှု အမှတ် ၄၆/၂၀၁၇ (လက်နက်မှုအမှုတွဲ) မှ ကြည်လင်းနှင့် အောင်ဝင်းဇော်တို့ကို လက်နက်ဥပဒေပုဒ်မ ၁၉ (ဃ) (စ) တို့ဖြင့် စွဲချက်တင်ထားခြင်းဖြစ်သည်။

Most Read

Most Recent