ပြည်သူများ လွယ်လင့်တကူ အခွန်ဆောင်နိုင်ရန် Online Tax Payment စနစ်ကို ဗဟိုဘဏ်ဖြင့် ချိတ်ဆက်ဆောင်ရွက်နေ

ပြည်သူများ လွယ်လင့်တကူ အခွန်ဆောင်နိုင်ရန် Online Tax Payment စနစ်ကို ဗဟိုဘဏ်ဖြင့် ချိတ်ဆက်ဆောင်ရွက်နေ
Published 21 March 2018

ပြည်သူများ လွယ်လင့်တကူ အခွန်ထမ်းဆောင်နိုင်ရန် Online Tax Payment စနစ်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဖြင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

“ပြည်သူတွေ လွယ်လင့်တကူ အခွန်ထမ်းဆောင်နိုင်ဖို့အတွက် Online Tax Payment System တစ်ခုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးများတွင် ပြင်ပပုဂ္ဂလိကဘဏ်တွေနဲ့ချိတ်ဆက်ပြီး အခွန်ထမ်းဆောင်နိုင်ပြီဖြစ်ပါတယ်” ဟု ဦးမောင်မောင်ဝင်းက ဆိုသည်။

လက်ရှိအခွန်စနစ်ဖြစ်သည့် ဝင်ငွေခွန်ကို အထူးပြုကောက်ခံနေမှုအစား ပြည်သူများအားလုံးပါဝင်သည့် အခွန်စနစ်ဖြစ်စေရေးအတွက် သွယ်ဝိုက်ခွန်များဖြစ်သည့် ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်များကို အထူးပြုကောက်ခံရန် ဗဟာဗျုဟာ ချမှတ်ဆောင်ရွက်နေကြောင်း သိရသည်။

“တည်ဆဲအခွန်မူဝါဒတွေနဲ့ကိုက်ညီတဲ့ သွယ်ဝိုက်ခွန်တွေဖြစ်တဲ့ ကုန်သွယ်လုပ်ငန်းခွန်တွေနဲ့ အထူးကုန်စည်ခွန်တွေနဲ့ တိုက်ရိုက်ခွန်ဖြစ်တဲ့ ဝင်ငွေခွန်တွေကို အထူးအလေးထားပြီး ဖိဖိစီးစီးကောက်ခံသွားမှာ ဖြစ်ပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတစ်ရပ်အဖြစ် ပြည်သူများပါဝင်တဲ့အခွန်စနစ် (All Inclusive Tax System) ဖြစ်ဖို့အတွက် တိုက်ရိုက်ခွန်ကို အထူးအလေးထားကောက်ခံနေမှုအစား သွယ်ဝိုက်ခွန်ကို အထူးအလေးထား ကောက်ခံဖို့အတွက် အခွန်ဆိုင်ရာမဟာဗျုဟာကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ အခွန်ဆိုင်ရာ မဟာဗျုဟာအရ လက်ရှိကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းအစား တန်ဖိုးဖြည့်ခွန် (Value Added Tax) ကို ပြောင်းလဲကျင့်သုံးရမှာဖြစ်ပါတယ်” ဟု ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ထိုသို့ အခွန်စနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအတွက် လက်ရှိတွင် ဝင်ငွေခွန်ဥပဒေကို အသစ်ပြန်လည်ရေးဆွဲနေပြီး မူကြမ်းအဆင့်ရောက်နေပြီဖြစ်ကာ လက်ရှိဝင်ငွေခွန် ခေါင်းစဉ်ခုနစ်မျိုးအနက် လေးမျိုးလျှော့ချထားပြီး ပြင်ဆင်ကောက်ခံမည့် ဝင်ငွေခွန်ခေါင်းစဉ်သုံးမျိုးမှာ စီးပွားရေးလုပ်ငန်းမှရငွေ၊ အခြေပစ္စည်းမှ မြတ်စွန်းငွေနှင့် လစာရငွေတို့သာ ပါဝင်မည်ဖြစ်သည်။

လက်ရှိ ဝင်ငွေခွန်ဥပဒေကို ၁၉၇၄ ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၉ ခုနှစ်၊ ၂၀၁၄ ခုနှစ်တို့တွင် ဝင်ငွေခွန်ဥပဒေ ပြင်ဆင်သည့်ဥပဒေများဖြင့် ပြင်ဆင်ဖြည့်စွက်ခဲ့ခြင်းဖြစ်သည်။ ယင်းဝင်ငွေခွန်ဥပဒေပါ ဝင်ငွေခွန်ခေါင်းစဉ်ခုနစ်မျိုးမှာ လစာ၊ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ပစ္စည်း၊ အခြေပစ္စည်းမှမြတ်စွန်းငွေ၊ ဝင်ငွေရလမ်း မဖော်ပြနိုင်သည့်ဝင်ငွေ၊ အခြားရလမ်းမှဝင်ငွေတို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent